ကန့်ဘလူ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဝမ်းဗိုက်စမ်းသပ်စစ်ဆေး၍ သန္ဓေသားအနေအထား မှန်ကန်မှုရှိမရှိ စစ်ဆေး ခြင်း ၊ပြုပြင်ပေးခြင်း၊ HIV ၊ ဆစ်ဖလစ်ရောဂါ ရှိမရှိ သွေးဖောက်စစ်ဆေးပေးခြင်း၊ လက်ရှိရောဂါဝေဒနာရှိမရှိမေးမြန်းပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)