ကြံခင်း ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ (555) ကုန်စုံဆိုင်တွင် ယမန်နေ့ နံနက်(၃)နာရီ (၄၅)မိနစ်အချိန်က မီးအား မြှင့်စက်အပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦးစိုးမြင့်အောင် အသက်(၅၁)နှစ်(ဘ) ဦးတိုက်စိန်၏ (555) လူနေကုန်စုံဆိုင် (၅၀×၃၀) ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂ထပ်) အဆောက်အဦးအတွင်း မီးအားမြှင့်စက် အပူလွန်ကဲရာမှ အနီးရှိ ကုန်ခြောက်ပစ္စည်းများသို့ မီးကူးစက်လောင်ကျွမ်းပြီး မီးလောင်မှုဖြစ်ပွားရာ တာဝန်သိ ပြည်သူတစ်ဦးက အကြောင်း ကြားသဖြင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင် သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၂)ဦးတို့က မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ဘက်ရဲနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြန်အောင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့် ပါရမီလူမှုကူညီရေး အသင်းမှ ရေသယ်ယာဉ်တစ်စီးနှင့် အသင်းဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်သူ များ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ (၄)နာရီ မိနစ်(၃၀)တွင် မီးထိန်းနိုင်ခဲ့ပြီး (၄)နာရီ(၄၅)မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် လူနေကုန်စုံဆိုင်နှင့် ကုန်ခြောက်ပစ္စည်းများ ဆုံးရှုံးခဲ့ပြီး ဦးတင်ဝင်း(ခ) ဦးအေးရား(၆၅)နှစ် (ဘ) ဦးစိန်(ခ) ဦးဝိရှူးသည် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဦးစိုးမြင့်အောင်(၅၁)နှစ်၊ (ဘ)ဦးတိုက်စိန်အား ကြံခင်းမြို့နယ် မီးသတ်စခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)