မင်းလှမြို့၌ မွေးစမှအသက်တစ်နှစ်ခွဲအထိကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံပေး

အထက်မင်းလှ  ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက တောင်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးဆရာမဒေါ်ဇင်မာဝင်းနှင့်ဆရာမများက မြို့နယ်အတွင်းရှိ မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံ ပေးခဲ့သည်။

မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခပ်ခြင်း၊ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)