နတ်မောက်မြို့နယ်၌ ကြက်သွန်နီဈေးနှုန်းမြင့်တက်မှုကြောင့် သိုလှောင်သူတောင်သူများ အဆင်ပြေ

နတ်မောက် ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ မြို့မစျေးကြီးတွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်မှုကြောင့် သိုလှောင်သူတောင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။ နတ်မောက်မြို့နယ်တွင် သင်္ကြန်ကာလမှစတင်ပြီး ကြက်သွန်နီဈေးနှုန်း ၁၂၀၀ ကျပ်မှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ လက်ရှိမှာတော့ ကြက်သွန်နီတစ်ပိဿာ ကျပ် ၂၅၀၀ အထိ မြင့်တက်လျက်ရှိတယ်လို့ ရောင်း/ဝယ် သူများထံမှ သိရသည်။

“ကျွန်မတို့ အညာကျေးလက်ဒေသတွေက တောင်သူများဟာ မိမိတို့ရဲ့ဥယာဉ်ခြံမြေများထဲတွင်  မြေအောက်ရေသွင်းခြင်းဖြင့် ကြက်သွန်နီများ စိုက်ပျိုးကြပါတယ်၊ စိုက်ပျိုးထားတဲ့ ကြက်သွန်နီများ နှုတ်သိမ်းချိန်မှာတော့ ချက်ချင်းရောင်းချသူများရှိသလို မရောင်းသူများ ရှိပါတယ်၊ ကျွန်မကတော့ မိမိလိုချင်တဲ့ ဈေးမရသေးတဲ့အတွက် မရောင်းဘဲ သိုလှောင်ထားပါတယ်၊ ကြက်သွန်နီ အလုံးအကြီးအသေးအလိုက် ပုံမှန်တစ်ပိဿာကို သင်္ကြန်မတိုင်ခင် ကာလအထိ ကျပ် ၁၂၀၀မှ ၁၅၀၀ ဝန်းကျင်ဈေးနှုန်းရှိပြီး သင်္ကြန်ရက်များမှ စတင်ပြီး မြင့်တက်လာခဲ့ရာ လက်ရှိအချိန်၌ ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၂၅၀၀ မှ ၂၈၀၀ အထိ ရောင်းချရလို့  အဆင်ပြေပါတယ်” ဟု ကြက်သွန်သိုလှောင်သူ မမာမာအေးက ပြောသည်။

နတ်မောက်မြို့နယ်တွင် ကြက်သွန်နီကို နတ်မောက်မြို့နယ်အတွင်းရှိ ပ/ကျားထူး ကျေးရွာ၊ န/လက်ခုပ်ပင် ကျေးရွာ၊ ကြူအိုင်ကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ဘုန်းတော်ပြည့်ကျေးရွာ၊ အိုးဘိုကျေးရွာ ကျေးရွာများတွင်   မြေအောက်ရေသွင်းခြင်းဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မူမူစန်း