ပုသိမ် ဇွန် ၅
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ် (၃) မြို့နယ်သို့လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားအား ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက ကျုံပျော်မြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိုးစပါးတစ်ဧက (၁၀) တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင်မိုးစပါးတစ်ဧက (၁၀) တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ဆန်စပါးဖူလုံပိုလျှံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေပါသေးကြောင်း၊ တစ်ဧကအထွက်နှုန်းပိုမိုထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ထည့်သွင်းစိုက်ပျိုးခြင်း၊ ထုံးထည့်သွင်းစိုက်ပျိုးခြင်း၊ သဘာမြေသြဇာနှင့်ဓါတ်မြေသြဇာများ အချိုးကျသုံးစွဲကြရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဖြစ်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧက (၁၀) တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိပိုမိုစိုက်ပျိုးပြီး စိုက်ပျိုးရေးစံပြတိုင်းဖြစ်အောင် ဝိုင်း၀န်းကြိုးပမ်း ပေးကြစေလိုကြောင်း” အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများအားဓာတ်မြေဩဇာနှင့် မျိုးစပါးများအားထောက်ပံ့ပေးအပ်ခဲ့ပြီး ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကွင်းအတွင်းမှ သဘာဝမြေဩဇာသုံး၍ ဓာတုကင်းလွတ်စပါးများ သုတေသနပြု စိုက်ပျိုးထုတ်လုပ်မှုများနှင့်ပတ်သက်၍ သုတေသသနအရာရှိ ဒေါ်ဖြူပြာလွင်ကလည်းကောင်း၊ ဆာဖိုးသာမျိုးစေ့ ထုတ်လုပ်နေမှုအား မုန်းသီတာကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာဦးမျိုးမင်းဇော်ကလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်၍ ကျုံပျော်မြို့နယ်အတွင်းရှိ ပျဉ်ချဆိပ်ကျေးရွာ၊သောင်ရွာကျေးရွာ၊ ရေကြည်မြို့နယ်အတွင်းရှိ နွားရေတိုက်ကျေးရွာ၊ ဆီဆုံကုန်းကျေးရွာ၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကောက်ကြီးကုန်းကျေးရွာ၊ မကျည်းပင်ကွင်းကျေးရွာတို့မှ တောင်သူများက တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီးနောက် ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် မျိုးစပါးများနှင့် ဆန်အရည်အသွေးများကို ကြည့်ရှုခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူးရုံးသို့ သွားရောက်၍ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်လှစ်ပို့ချရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ဆောင်ရွက်မည့်အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးလက်နေတောင်သူလယ်သမားများအား လယ်ယာသုံးစက်ကရိယာများ၊ ရိတ်သိမ်းခြွေလှေ့စက်များ စနစ်တကျ ကိုင်တွယ်မောင်းနှင်ရိတ်သိမ်းနိုင်ရေး သင်ကြားပြသပေးရန်၊ သင်တန်းကာလအတွင်း သင်တန်းသားများ တည်းခိုနေထိုင်စားသောက်မှုများ အဆင်ပြေအောင် ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး သင်တန်းခန်းမဆောင်ပြင်ဆင်ထားရှိမှုနှင့် သင်ထောက်ကူစက်ပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းအား ၁၉.၆.၂၀၂၃ ရက်နေ့မှ ၁၄.၇.၂၀၂၃ ရက်နေ့ထိ သင်တန်းကာလ ၄ ပတ်ကြာ သင်တန်းသားတောင်သူ ၅၀ ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)