စေတုတ္တရာမြို့နယ်တွင် မြစိမ်းရောင်အတိုးရရန်ပုံငွေဖြင့် ကျေးရွာ(၃)ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်

စေတုတ္တရာ အောက်တိုဘာ       ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြစိမ်းရောင်အတိုးရ ရန်ပုံငွေဖြင့် ကျေးရွာ(၃) ရွာတွင် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ မြစိမ်းရောင်အတိုးရရန်ပုံငွေဖြင့် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မဏ္ဍပ်ကိုင်း ကျေးရွာတွင် ကျေးရွာအတွင်း လျှပ်စစ်မီးသွယ်တန်းခြင်း အရှည်ပေ(၆၇၀၀)၊ ၄၀၀ဗို့အားရှိသော ကျေးရွာ လျှပ်စစ်မီးလင်းရေးကို ကျေးရွာ မြစိမ်း‌ရောင်အတိုးရ ရန်ပုံငွေ ကျပ်သိန်း (၅၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်(၂၃၅)သိန်းဖြင့်လည်းကောင်း၊ ဖအိုင်းရှေ့ကျေးရွာတွင် ကျေးရွာအတွင်း လျှပ်စစ်မီးသွယ်တန်းခြင်း အရှည်ပေ (၈၀၆၅)ပေ ၄၀၀ဗို့အားရှိသော ကျေးရွာတွင်းလျှပ်စစ်မီးလင်းရေးလုပ်ငန်းအား ကျေးရွာ မြစိမ်းရောင် အတိုးရရန်ပုံငွေ ကျပ်(၈၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ (၁၇၉)သိန်းဖြင့်လည်းကောင်း၊ ညောင်ကုန်းကျေးရွာ လျှပ်စစ် မီးသွယ်တန်းခြင်းအတွက် အရှည်ပေ (၅၉၀၀)ပေ၊ ၄၀၀ဗို့အားရှိသော ကျေးရွာတွင်း လျှပ်စစ် မီးလင်းရေးလုပ်ငန်းအား ကျေးရွာတွင်း မြစိမ်းရောင်အတိုးရ ရန်ပုံငွေ ကျပ်သိန်း(၅၀) ပြည်သူ ထည့်ဝင်ငွေကျပ်(၁၅၀)သိန်းဖြင့် လည်းကောင်း ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများဖြင့် ကျေးရွာတွင်း ကုန်ထုတ်လမ်းများ ဆောင်ရွက်ခြင်း၊ ကျေးရွာ ရေရရှိ ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဘက်စုံသုံးခန်းမဆောင်များ တည်ဆောက်ခြင်း၊ ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ အစရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  

စည်သူလွင်(ပြန်/ဆက်)