ကြံခင်းမြို့နယ် ရွာသစ်ကျောင်းတိုက်တွင် (ဒုတိယ) အကြိမ်မြောက် မဟာသမယသုတ်တော် ရွတ်ဖတ်ပူဇော်ပြီးမြောက် အောင်မြင်ပွဲကျင်းပ

ကြံခင်း ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မြို့မရပ်ကွက်၊ ရွာသစ်ကျောင်းတိုက်၊ ခဏ္ဍသိမ်တော်ကျောင်းအတွင်း၌ (ဒုတိယ) အကြိမ်မြောက် မဟာသမယသုတ်တော် ရွတ်ဖတ်ပူဇော်ပြီးမြောက်အောင်မြင်ပွဲကို ဇွန်လ ၃ ရက်နေ့ကကျင်းပကြောင်း သိရသည်။

အခမ်းအနာကို ဆရာတော်၊ အရှင်သူမြတ်များ၊ အလှူ့ဒါယိကာ၊ ဒါယိကာမများက"နမောတဿ"သုံးကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီးနောက်၊ တောရွှေဂူကျောင်းတိုက်ဆရာတော်ဥူးက "ဇေယျမင်္ဂလာ အောင်ဂါထာတော်"ဖြင့် ရွတ်ဖတ်ပူဇော်ပြီး၊ "အနုမောဒနာတိုက်တွန်းလွှာ"ကိုဂူကြီးကျောင်းဆရာတော်ဥူး ပညာဝန္တက ရွတ်ဖတ်ပူဇော်ကြနောက် စေတနာရှင်အလှူ့ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွာများကို ဘုရားဂေါပကအဖွဲ့မှ ပေးအပ်ပါသည်။

ထို့နောက်ကြွရောက်လာကြကုန်သော ဆရာတော်၊ အရှင်သူမြတ်များ၊ စေတနာရှင် အလှူရှင်များက မဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ရွှေညောင်ပင် ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝါယမထံမှ ငါးပါးသီလဆောက်တည်ကြပြီး၊ တရားတော်များနာယူကြကာ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဌတု" သုံးကြိမ်ရွတ်ဆိုပြီးမြောက်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)