တောင်ငူ ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ သတ္တမအကြိမ်မြောက် မဟာအင်ဂျင်နီယာဘွဲ့နှင့် (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် (၉:၀၀)နာရီအချိန်က ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန် အမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့ဝင်များသည် အစီအစဥ်အတိုင်း စင်မြင့်ရှိရာသို့ ရှေးရှုကြွရောက်၍ ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပရာ မဟာအင်ဂျင်နီယာဘွဲ့နှင့် အင်ဂျင်နီယာဘွဲ့ (၂၀၂၂ ခုနှစ်)အတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့က ကြေညာပြီးသော ဘွဲ့ယူမည့်သူများကို ဒုတိယပါမောက္ခချုပ်က တစ်ဦးချင်းဘွဲ့လက်မှတ်များကို အပ်နှင်းသည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်မှ မိန့်ခွန်းပြောကြားရာ “မောင်တို့မယ်တို့ သိကြတဲ့အတိုင်း ဒီနေ့ခေတ်ကြီးကို နည်းပညာခေတ်ကြီးလို့ခေါ်ကြတယ်။ နည်းပညာအဟောင်းတွေနေရာမှာ နည်းပညာအသစ်တွေ နေရာယူလာတယ်။ မိမိတို့ နေထိုင်ရှင်သန်ရာ လူ့အဖွဲ့အစည်းရဲ့ နေ့စဥ်ဘဝမှာ လွယ်ကူမှုတွေဖြစ်လာဖို့ နည်းပညာတွေက အကူအညီပေးနေတယ်။ ဒါကြောင့် ဒီအဆက်မပြတ် ပြောင်းလဲနေတဲ့ နည်းပညာခေတ်နဲ့ အမီလိုက်ဖို့ တပည့်တို့ဟာ မိမိတို့ရဲ့မျက်စိ၊ နားနဲ့ အသိဉာဏ်တွေကို ဖွင့်ထားရင်း ခေတ်မီပညာများ ဆက်လက်ပြီး သင်ယူဆည်းပူးနေရမှာဖြစ်တယ်ဟု ပြောကြားသည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မဟာအင်ဂျင်နီယာဘွဲ့ မြို့ပြ(၃)ဦး၊အီလက်ထရောနစ်(၂)ဦး၊ လျှပ်စစ်စွမ်းအား(၃)ဦး၊ စက်မှု(၃)ဦး ၊စုစုပေါင်းမဟာအင်ဂျင်နီယာဘွဲ့ရရှိသူ(၁၁)ဦး နှင့် အင်ဂျင်နီယာဘွဲ့(မြို့ပြ)(၄၇ )ဦး၊ အီလက်ထရောနစ်( ၃၆)ဦး၊ လျှပ်စစ်စွမ်းအား(၄၄ )ဦး၊ စက်မှု(၅၆ )ဦး ၊စုစုပေါင်းအင်ဂျင်နီယာဘွဲ့ရရှိသူ( ၁၈၃)ဦး ဖြစ်ရာ၊ယနေ့တွင်ဘွဲ့ရရှိသူစုစုပေါင်း (၁၉၄)ဦးကို ဘွဲ့လက်မှတ်များ အသီးသီးအပ်နှင်းပေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်