ပွင့်ဖြူ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အပတ်စဉ် (စနေ ၊ တနင်္ဂနွေ)နေ့များတွင် မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက ပွင့်ဖြူမြို့အဝင် ပြည်လုံးချမ်းသာဘုရားကြီးသို့ သွားရောက်ပြီး ပြည်သူ့အကျိုးပြု စုပေါင်း သန့်ရှင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ပြည်လုံးချမ်းသာဘုရားကြီးဝန်းကျင် သန့်ရှင်းသာယာ လှပစေရန်နှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဘုရားကြီး ရင်ပြင်တော်အား တံမြက်စည်းလှဲခြင်း၊ ဘုရားပရိဝုဏ်အတွင်းအပြင်ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်း၊ တံမြက်စည်း လှဲခြင်းလုပ်ငန်းများကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ မြို့ပြနှင့် ကျေးလက်ဒေသတစ်ခွင် သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်းများ လျော့နည်းပပျောက်စေရေးနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ယခုကဲ့သို့ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဆေးရုံများ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများသို့ သွားရောက်ကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )