ဇလွန်မြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၈) လုံးအတွက် ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်

ဇလွန်       အောက်တိုဘာ      ၈     

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၈) လုံးရှိ အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ကျင်းပပြုလုပ်ခဲ့သည်။

ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် ဇလွန်မြို့နယ် ရေလဲကျေးရွာအုပ်စု၊ ရေလဲကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် ပြောင်းရွှေ့နေအိမ် ၈ လုံးအတွက် နေအိမ် ၁ လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၁၀၀,၀၀၀ နှုန်းဖြင့် ငွေကျပ် ( ၈၀၀,၀၀၀ ) ၊ ဆန်ရိက္ခာ တစ်ပတ်စာ အတွက် တစ်ဦးလျှင်ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၃၃  ဦးတို့အတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ်  ၆၉၃၀၀ ၊  စုစုပေါင်းထောက်ပံ့ငွေကျပ် (၈၆၉,၃၀၀) တို့အား ဟင်္သာတခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယ ဦးစီးဌာနမှူး ဦးထွန်းလွင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)