သရက်ချောင်း ဇွန် ၄
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်း ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါဆိုးမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများ မပေါက်ဖွား စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါတ်တာဝင်းဇော်ဦးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ မြို့မရပ်ကွက်အတွင်းရှိ နေအိမ်များတွင် အဘိတ်ဆေး ခတ်ပေးခြင်းလုပ်ငန်းများကို အဖွဲ့များခွဲ၍ တစ်အိမ်တက်တစ်အိမ်ဆင်းဖြင့် သွားရောက်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာဝင်းဇော်ဦးနှင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ် အမျိုးသမီးရေးရာနှင့် မိနှင့်ကလေးစောင့်ရှောက်အဖွဲ့ဝင်များတို့ ပူးပေါင်း၍ မြို့မရပ်ကွက် အတွင်းရှိ နေအိမ်များသို့ အိမ်စဉ်အလိုက်တစ်အိမ်တက်တစ်အိမ်ဆင်းသွားရောက်၍ ရေကန်များ၊ ရေတိုင်ကီ၊ ရေပုံးများအတွင်း အဘိတ်ဆေးများခတ်ပေးကြပြီး အိမ်ရှင်များကိုလည်း ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ကြရေးပညာပေးပြောကြားခဲ့ကြကြောင်း သိရှိရသည်။
နန်းခလိုက်(သရက်ချောင်း)