ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင်ဆီထွက်သီးနှံစုံ ၈၂၀၁ ဧက လျာထားစိုက်ပျိုးသွားမည်

ပွင့်ဖြူ ဇွန်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံစုံဧက ၈၂၀၁ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဆီထွက်သီးနှံ ဧက ၈၂၀၁ ဧက စိုက်ပျိုးသွားရန် လျာထားရှိပြီ  မြေပဲသီးနှံ ၆၃၂ ဧက နှမ်းသီးနှံ ၆၆၈၅ ဧက နှင့် နေကြာသီးနှံ ၈၈၄ ဧက အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး မေလအတွင်းက ဆုန်ကလုန်းမုန်တိုင်း(မိုခါ) အရှိန်ကြောင့် ရွာသွန်းခဲ့သည့်မိုးဖြင့် စိုက်ပျိုးခဲ့ရာ ယနေ့အထိ ဆီထွက်သီးနှံစုံ ဧက ၄၁၄၆ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ ဒေသတွင်း စားသုံးဆီဖူလုံ ပိုလျှံစေဖို့အတွက် ရည်ရွယ်ပြီး မြေပဲ၊ နှမ်း၊ နေကြာ စတဲ့ ဆီထွက်သီးနှံစုံဧက ၈၂၀၁ ဧက လျာထား စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ စိုက်ဧကအနေနဲ့ကတော့ မြေပဲသီးနှံ ၆၃၂ ဧက ၊ နှမ်းသီးနှံ ၆၆၈၅ ဧကနဲ့ နေကြာသီးနှံ ၈၈၄ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံ ၈၂၀၁ ဧက စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ မေလ အတွင်းက မိုခါမုန်တိုင်းအရှိန်နဲ့ ရွာသွန်းခဲ့တဲ့မိုးနဲ့ တောင်သူတွေ ဆီထွက်သီးနှံစုံ စိုက်ပျိုးပြီးစီးတဲ့ ဧကအနေနဲ့  ယနေ့အထိ မြေပဲသီးနှံ ၂၈၄ ဧက ၊ နှမ်းသီးနှံ ၃၈၄၂ ဧက ၊ နေကြာသီးနှံ ၂၀ ဧက ၊ စုစုပေါင်း ၄၁၄၆ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ယခုလက်ရှိမှာ သက်ဆိုင်ရာ‌နယ်မြေအလိုက် တာဝန်ခံ ကွင်းဝန်ထမ်းတွေက လျာထားစိုက်ဧက ပြည့်မီရေး၊ သီးနှံအထွက်နှုန်း တိုးပွားစေရေးအတွက် ဒေသခံတောင်သူတွေကို တောင်သူအသိပညာပေးလုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက်နေပါတယ်”ဟု ပွင့်ဖြူ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် နှစ်စဉ် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး  စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း သိရပြီး ထိုသို့ သီးနှံများ စိုက်ပျိုးရာ၌ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ဈေးကွက်ရှိသည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများကို အားထားစိုက်ပျိုး ကြကြောင်း သိရသည်။ ထို့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ များက ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် တောင်သူတစ်ဦးချင်းအလိုက် တစ်ဧက သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် လိုအပ်သည့်  စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို ပံ့ပိုးကူညီဖြည့်ဆည်းကာ တွန်းအားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )