ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်

ကန့်ဘလူ ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်( ၅)ရပ်ကွက် အတွင်းရှိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကျေးရွာများမှ လာရောက်ထိုးနှံကြသူကလေးငယ်များကို အသက်အရွယ်အပိုင်းအခြားအလိုက် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဂျပန်ဦးနှောက်အ မြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေး ထိုးနှံပေးခြင်းများကိုလည်းကောင်း ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းများကို ဇွန် ၁ ရက်မှ ယနေ့အထိ ထိုးနှံပေးခဲ့ရာ အသက် ၂ နှစ် အောက်ကလေးငယ် ၆၈၇ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၁၂၆ ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်မာရေးဝန်ထမ်းများထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)