ကလေး ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်(၁)ပြည်၊ ဆီ(၁၀)ဆယ်သား၊ ကြက်ဥ(၅)လုံးတို့ကို စုစုပေါင်းတန်ဘိုး(၃၀၀၀)ကျပ်နှုန်းဖြင့် အထုပ် ၃၀၀ ကို နံနက် ၈ နာရီအချိန်မှစတင်၍ ရောင်းချပေးခဲ့ရာ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသောကြောင့် ဝယ်ယူသူများမှာ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ရောင်းချပေးရာတွင် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများမှ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရန်နှင့် ပြည်သူများအေးချမ်းစွာ ဝယ်ယူနိုင်စေရန်အတွက် အနီးကပ်ကြီးကြပ်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)