ပွင့်ဖြူ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရေတိုက်စားမှုကြောင့် မြစ် ၊ ချောင်းဘေးအနီး ကျေးရွာများတွင် ကြုံတွေ့ရ လေ့ရှိသည့် ကမ်းပြိုကျမှုအန္တရာယ်များ လျော့နည်းသက်သာစေရေးအတွက် ရည်ရွယ်ပြီး လာမည့် ၂၀၂၁ ခုနှစ် မိုးရာသီတွင် ဗာတီဗာမြက် ပျိုးပင်ရေ ၆၀၀၀ စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်သစ်တောဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောသစ်ပင်များပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဉတု ပြောင်းလဲမှု ဂေဟစနစ်အား မျှတကောင်းမွန်အောင် ထိန်းညှိပေးနိုင်ရေးအတွက် ရှား ၊ ယူကလစ် ၊ ကျွန်း ၊ ဝါး ၊ တမာ ၊ မကျည်း ၊ ရေတမာ ၊ ကံ့ကော် ၊ မယ်ဇလီ စသည့် သစ်မျိုးစုံ အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ နှစ်စဉ် မိုးရာသီကာလများတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း ၊ ကြိုးဝိုင်းသစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း ၊ တစ်အုပ်တစ် မစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် လူထုဖြန့်အနေဖြင့်လည်း အရိပ်ရ သစ်မျိုးစုံပျိုးပင်များကို အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် မိုးရာသီကာလများတွင် ဧရာဝတီမြစ်နှင့် မုန်းချောင်းဘေးအနီး ကျေးရွာများရှိ ဒေသခံပြည်သူများ ကမ်းပြိုကျမှုအန္တရာယ်မှ ကင်းဝေးစေရေး အတွက် ဗာတီဗာမြက် ပျိုးပင်များကို ပြုစု ပျိုးထောင်၍ မြစ်/ချောင်းကမ်းပြိုကျမှုကာကွယ်ရေးစီမံချက်ဖြင့် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းကာ စိုက်ပျိုး ပေးလျက် ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် လာမည့် ၂၀၂၁ ခုနှစ် မိုးရာသီမှာ မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်နှင့် မုန်းချောင်းဘေးအနီး ကျေးရွာတွေမှာရှိတဲ့ ဒေသခံပြည်သူတွေ မိုးရာသီကာလများတွင် ရေတိုက်စားမှုကြောင့် ကြုံတွေ့ရတဲ့ ကမ်းပြိုကျမှုအန္တရာယ် လျော့နည်း သက်သာစေရေးအတွက် မြစ်/ချောင်းကမ်းပြိုကျမှုကာကွယ်ရေး စီမံချက်နဲ့ ဗာတီဗာမြက် ပျိုးပင်ပေါင်း ၆၀၀၀ စိုက်ပျိုးသွားဖို့ ယခုကတည်းက ဗာတီဗာမြက်ပျိုးပင်များကို စတင်ပြုစုပျိုးထောင် နေပြီဖြစ် ပါတယ်။ ကမ်းပြိုကာကွယ်ရေးအတွက် ဗာတီဗာမြက်များ စိုက်ပျိုးရာမှာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင် ဆောင်ရွက်တဲ့ အလေ့အကျင့်တွေရရှိအောင် ကျေးရွာနေ ပြည်သူတွေ ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စိုက်ပျိုးတာဖြစ်ပါတယ်။ ယခုနှစ် မိုးရာသီမှာ ကမ်းပြိုကာကွယ်ရေး အတွက် ဗာတီဗာ မြက်စိုက် ပျိုးခြင်းကို ကျေးရွာ(၆)ရွာတွင် ပျိုးပင်ပေါင်း ၂၀၀၀ စိုက်ပျိုးပေးနိုင်ခဲ့ပါတယ်” ဟု ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မော် က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )