ကန့်ဘလူမြို့နယ်တွင် လယ်မြေဧက ၁၀၀ ကို စက်မှုလယ်ယာမြေအဖြစ် စနစ်တကျ ဖော်ထုတ်မည်

ကန့်ဘလူ ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ခါးတောက်ရင်းအုပ်စု ကံရိုးကျေးရွာတွင် လယ်ယာမြေ ဧက ၁၀၀ ကို လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် စနစ်တကျ လယ်ယာမြေအဖြစ် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ဖော်ထုတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

စနစ်ကျစက်မှုလယ်ယာများ ဖော်ထုတ်နိုင်ရန်အတွက် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် စက်မှုလယ်ယာများ ဖော်ထုတ်မည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများ၏ ပုံသဏ္ဌာန်မမှန်သော လယ်ယာမြေကွက်များကို ပုံသဏ္ဌာန်မှန်သွားအောင် ၁၆ ပေအကျယ် ကုန်ထုတ်လမ်းနှစ်လမ်း၊ လယ် ၁ ဧကကွက် ၂ ကွက်ခြား ရေသွင်း/ရေထုတ်မြောင်း ၁ မြောင်း၊ ရေတံခါး ၁၂ ခု၊ လယ် ၁ ကွက်ချင်းစီအတွက် ထွန်စက်တက်/ဆင်းလမ်း၊ ရေယူအဆောက်အအုံ ၂ ခု၊ ထွန်စက်ကြီး ၅ စီး၊ မြေညှိကိရိယာ၊ ၇ သွားထယ် ၅ လက်၊ ဘက်ဟိုး ၁ စီး၊ မြေကော်ကား ၁ စီး၊ မြေသယ်ယာဥ် ၃ စီးတို့ဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး တောင်သူများ စိုက်၊ ရိတ်၊ သိမ်းစနစ်ပိုမိုကောင်းမွန်လာကာ ကုတ်ထုတ်စွမ်းအားများလည်း တိုးမြှင့်လာမှာဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးတင်မောင်ထွန်းက ပြောသည်။

စက်မှုလယ်ယာများဖော်ထုတ်ရာတွင် ထွန်ယက်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းခြွေလှေ့သည်အထိ စက်ကိရိယာများဖြင့် ဆောင်ရွက်ကြသည့်အခါတွင် စနစ်တကျဖြစ်စေရေးအတွက် လိုအပ်သောမြေအကျယ်အဝန်း တိုင်းတာခြင်း၊ ကန်သင်းဖျက်ခြင်း၊ ထယ်ထိုးထယ်ချခြင်း၊ မြေညှိခြင်း၊ တစ်သီးမှသည် နှစ်သီးသုံးသီးစိုက်ပျိုးနိုင်ရေးအတွက် ရေသွင်းရေထုတ်စနစ်များ၊ ထွက်ရှိလာသောသီးနှံများကို သယ်ယူရောင်းချနိုင်ရေးကုန်ထုတ်လမ်းများ စသည်ဖြင့် အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူများအနေဖြင့် စက်မှုလယ်ယာစနစ်တွင် စက်ယန္တရားများအသုံးပြု၍ စိုက်ပျိုးနိုင်ပါက လုပ်သားရှားပါးမှုအခက်အခဲကို ကျော်လွှားနိုင်ပြီးအချိန်တိုအတွင်း သီးနှံများကို နှစ်သီးသုံးသီးစိုက်ပျိုးနိုင်မည်ဖြစ်သည်။ စနစ်ကျလယ်ယာမြေများသည် ရေထိုင်၊မြေထိုင်ကောင်းမွန်၍ သမားရိုးကျလယ်ယာမြေများထက် သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်ခြင်း၊ စျေးကွက်သို့ပို့ဆောင်ရာတွင် လွယ်ကူခြင်း စသည့် အားသာချက်များရှိကာ ယခုကဲ့သို့ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်နိုင်ခြင်းဖြင့် ဒေသခံတောင်သူများအတွက်ရော စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)