သာယာဝတီမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပျိုးပင်များဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှ

သာယာဝတီ ဇွန် ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပျိုးပင်များဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းကို ဇွန်လ ၄ ရက် ယနေ့နံနက် ၈ နာရီက သာယာဝတီမြို့မစျေး၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ပျိုးပင်ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် စွယ်တော်၊ စိန်ပန်း၊ ကံ့ကော်၊ ခရေ၊ မန်ဂျရှားနှင့် ကျွန်းပင်စုစုပေါင်း အပင် (၂၅၀)ပင်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် ပလပ်စတစ်ညစ်ညမ်းမှု(သို့မဟုတ်) အဖြူရောင်အန္တရာယ် (White Pollution)၊ ပလတ်စတစ်စတင်ဖြစ်ပေါ်လာပုံ၊ တစ်ခါသုံး ပလတ်စတစ်ဆိုသည်မှာ၊ ပလတ်စတစ်၏ ဆိုးကျိုးများနှင့် ဖြေရှင်းရန်နည်းလမ်းများအကြောင်းအရာများပါ လက်ကမ်းစာစောင်များကို စျေးရောင်းစျေးဝယ်လာကြသော ပြည်သူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)