စလင်း ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ မဟာဝိသုတရာမတောင်စာသင်တိုက်၌ မင်းဘူးခရိုင်အတွင်းရှိ မြို့များတွင် မိုခါမုန်တိုင်းကြောင့် စလင်းမြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စု အိမ်ထောင်စု(၉၀)စု၊ ပွင့်ဖြူမြို့နယ်မှ အိမ်ထောင်စု(၂)စု၊ မင်းဘူးမြို့နယ်မှ အိမ်ထောင်စု(၆)စုတို့အား ရန်ကုန်မြို့ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှ ယမန်နေ့နံနက် ၉ နာရီအချိန်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် အဖွဲ့ဝင်များ ဆင်ဖြူကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှ ဒုဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲကို တက်ရောက်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မဟာဝိသုတာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စထံမှ သြဝါဒတရားတော်များနာယူခြင်းနှင့် ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ရန်ကုန်မြို့ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှ ဒုဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့မှ လှူဒါန်းဆက်ကပ်ခဲ့ပြီး၊ ထောက်ပံ့လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဦးမင်းနိုင်ထွန်းမှ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့မိ၊ မြို့ဖများကိုယ်စား ဦးစန်းပြည့်မောင်မှ ဆင်ဖြူကျွန်းမြို့သို့ လာရောက်ထောက်ပံ့ပေးအပ်သည့်အတွက် ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီးနောက် မဟာဝိသုတာရာမပရိယတ္တိစာသင်တိုက်ဆရာတော် ဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တဓမ္မိကမှ လှူဒါန်းမှုနှင့်ပတ်သက်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ စလင်းမြို့နယ်မှ အိမ်ထောင်စု(၉၀)၊ ပွင့်ဖြူမြို့နယ်မှ အိမ်ထောင်စု (၂)စု၊ မင်းဘူးမြို့နယ်မှ အိမ်ထောင်စု (၆)စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် အိမ်ထောင်စု(၉၈)စုတို့အတွက် ကျပ်(၉၈)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)