မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှု အားပေး

မကွေး ဇွန် ၄

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အသီးသီးတွင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ယနေ့နံနက် ၇ နာရီက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ မကွေးမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း  စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။

ထို့သို့စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ  စုပေါင်း၍ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားရာတွင် စိတ်ချမ်းမြေ့သာယာစွာ သင်ကြားနိုင်ရေး အတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး မြက်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊  ကျောင်းဘောလုံးကွင်းအတွင်း၌ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ကစားနိုင်ရေးအတွက် မြက်ပင်များနှင့်ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းခြံစည်းရိုး၊ အဆောက်အအုံများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ရှင်းလင်းပေးခြင်း၊ ရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေး အမှိုက်များ ဆယ်ယူခြင်းနှင့် အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဆရာ/ဆရာများနှင့်ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက်သာမက ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်များ၌ အားကစားများ ပြုလုပ်ရာတွင် ပျော်ရွှင်စွာ ကစားနိုင်ရေးအတွက်လည်း အရေးကြီးကြောင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက်လည်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားသည်။ 

တိုင်းဒေသကြီးမြို့တော် မကွေးမြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်း သန့်ရှင်းရေးကို အပတ်စဉ်(စနေနေ့တိုင်း)လုပ်ဆောင်လျက်ရှိသည့် နည်းတူ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း တိုင်းလုံးကျွတ်အနေဖြင့် မြို့ရွာသန့်ရှင်းသာယာလှပစေရေး ဘုရားစေတီပုထိုးများ၊ ပြည်သူ့ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ပန်းခြံများတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ