ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ်(စနေနေ့) စုပေါင်းသန့်ရှင်းရေးကို အခြေခံပညာကျောင်းများ၌ ပြုလုပ်

လွိုင်ကော် ဇွန် ၄

ကယားပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ အပတ်စဉ်(စနေနေ့) စုပေါင်းသန့်ရှင်းရေးကို လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်နှင့်အဖွဲ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ၊ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ၊ သစ်ပင်ခြုံနွယ် ခုတ်ထွင်ရှင်းလင်းနေမှုများ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ စာရေးစားပွဲ၊ ထိုင်ခုံနှင့် သင်ကြားရေးဆိုင်ရာပရိဘောဂများ  ပြုပြင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများအားလုံးနှင့် သက်မွေးပညာ ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ စာသင်ခန်းများနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိနိုင်ရေးတို့အတွက် ဆရာ၊ ဆရာမများက သက်ဆိုင်သည့်ဌာနများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန်၊ ဆရာ၊ ဆရာမများက ဘက်စုံပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ်လေ့လာထားကြရန်နှင့် စာသင်ခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)