ဂန့်ဂေါ အောက်တိုဘာ ၈
ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင် ဖြစ် ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ ကွင်းဆင်းကြည့်ရှု၍ ပိုးမွှားကာကွယ်ရေး လုပ်ငန်း အပါအဝင် လုပ်ငန်းလိုအပ်ချက်များအတွက် ပညာပေးဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးကို (၃၇၂၇၉)ဧက စိုက်ပျိုးရန် လျာထားရာတွင် လျာထား ချက်ထက်ပိုမို၍ (၃၇၃၀၉)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ဆင်းသုခစပါးမျိုးစေ့ထုတ်စိုက်ခင်းအဖြစ် (၄၆၀) ဧက ကို စိုက်ပျိုးဆောင်ရွက်ထားသည်။
စိုက်ပျိုးထားသည့် စပါးခင်းများတွင် လုပ်ငန်းလိုအပ်ချက်များ ဆောင်ရွက်နိုင်ရန် အောက်တိုဘာလ ၇ ရက်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံ လက်ထောက် ဦးစီးမှူး ဦးသူရဇော်နှင့် ဝန်ထမ်းမျာသည် ကန်ကျေးရွာနှင့် တောင်ယာပြင်ကျေးရွာတို့ရှိ ဆင်းသုခစပါး မျိုးစေ့ ထုတ်စိုက်ခင်းများသို့ ကွင်းဆင်း၍ ပိုးမွှားကျရောက်မှုအခြေအနေ ကင်းထောက် စစ်ဆေးခြင်းနှင့် မျိုးကွဲ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြကာ မျိုးစေ့ထုတ်တောင်သူများနှင့်တွေ့ဆုံ၍ ပိုးမွှားရောဂါ စနစ်တကျ ကာကွယ်နှိမ်နင်းရေး၊ မျိုးသန့်မျိုးစေ့များရရှိရေးအတွက် စနစ်တကျမျိုးကွဲ နှုတ်ပယ်ရေးတို့ကို ပညာပေးဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
တောင်သားမောင်သန်း