လွိုင်ကော် ဇွန် ၄
၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ လွိုင်ကော်တက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြ သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး ဇီဝမျိုးစုံ၊ မျိုးကွဲများ ထိန်းသိမ်းနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ အများပြည်သူများနှင့် သက်ဆိုင်သည့်မြေလွတ်မြေလပ်များတွင် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် မိမိပြည်နယ်ကို ပတ်ဝန်းကျင်ရေရှည်ကောင်းမွန်သည့် ပြည်နယ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိနှိုင်းသဖြင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်၊ ရေ၊ မြေ၊ ရာသီဥတုအခြေအနေနှင့် သဟဇာတဖြစ်သော သစ်မျိုးများကို ဦးစားပေးစိုက်ပျိုးရန်နှင့် စိုက်သမျှအပင်များရှင်သန်ရန် ရာသီအလိုက်ဆက်လက် ပြုစုထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင် သောလူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များ ကိုဖြန့်ဝေပေးအပ်ရာ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်)ကျောင်းအုပ်ကြီးနှင့် ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအထိမ်းအမှတ် သစ်ပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြပြီးသစ်ပင် စိုက်ပွဲတော်သို့ တက်ရောက်လာကြသူများက ပျော်ရွင်စွာစုပေါင်းသစ်ပင် စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ကယားပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များအတွက် ဒေသမျိုးရင်းအဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများပါဝင်သည့် လူထုဖြန့်ပျိုးပင်(၁၀၀၀၀၀)ကို ပျိုးထောင်ထားပြီး ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်တွင် သစ်မျိုး(၁၁)မျိုး၊ အပင်အရေအတွက်(၁၂၀၀)ပင်ကို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့် အင်အား(၃၂၀)ကျော်တို့က ပျော်ရွင်စွာဖြင့်စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)