ပုသိမ် ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဇွန်လ ၂ ရက်နေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုမိန့်ပေးအပ်ပြီး ဖြစ်သောလုပ်ငန်းများမှ ပြင်ဆင်ဆောင်ရွက်လိုသောကိစ္စများ၊ ထပ်မံသက်တမ်းတိုးလိုသော လုပ်ငန်းကိစ္စများအား ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနေဖြင့်လုပ်ငန်းများ တိုးတက်မှုရှိရန်လိုပါကြောင်း၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမှန်တကယ်လုပ်ဆောင်သည့် လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြုပ်နှံရေးလုပ်ငန်းများ၏ လုပ်ငန်းပြင်ဆင်ဆောင်ရွက်လိုသည့်ကိစ္စရပ်များ၊ လုပ်ငန်းအမျိုးအစားပြောင်းလဲခွင့်ကိစ္စရပ်များနှင့် ထပ်မံသက်တမ်းတိုးလိုသည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေးတင်ပြချက်များနှင့် ကုမ္ပဏီများ၏ လျှောက်ထားတင်ပြမှုများအပေါ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပြီး အသင်းအုပ်ချုပ်သူမှ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တိုင်းဒေသကြီးအနေဖြင့် ဘောလုံးအားကစားနည်းတွင် ယခုနှစ်ပိုင်းများ၌ အောင်မြင်မှုများ ရရှိလာပြီဖြစ်ကြောင်း၊ ခရိုင်အလိုက်ပြိုင်ပွဲများကျင်းပ၍ ရွေးချယ်ထားသူများဖြစ်ပြီး တိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် အောင်မြင်မှုများရရှိမည်ဟုယုံကြည်ပါကြောင်း၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၏ သွန်သင်ဆုံးမမှုများကို လေးစားလိုက်နာပြီး ကြိုးစား ဆောင်ရွက်ရန်လိုပါကြောင်း၊ ဘောလုံးအားကစားသည် အမျိုးသားရေးစိတ်ဓာတ်တက်ကြွစေသည့် အားကစားနည်းဖြစ်ပါကြောင်း၊ အားကစားသမားပီသစွာ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ ကျန်းမာရေးအားဂရုစိုက်နေထိုင် ကြရန်လည်းလိုပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းအား မိမိအနေဖြင့်လွန်စွာ အားထားပါကြောင်းနှင့် အောင်မြင်မှုသရဖူများ ရရှိပါစေကြောင်း”ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)