မြဝတီမြို့၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အထက်တန်းနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

မြဝတီ ဇွန် ၃

၂၀၂၃ခုနှစ်၊ ဇွန်(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြဝတီမြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို မြဝတီခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးရန်နိုင်ထွန်းနှင့် မြို့နယ်ပညာရေးမှူးဦးမြင့်ဦးတို့က ဦးဆောင်ကြီးကြပ်ပေးပြီး မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးနှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတိုက “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာထူးချွန်ဆုရရှိသူများကို ဇွန်လ(၅)ရက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

ထိုသို့ပြိုင်ပွဲများကျင်းပပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၁၉၇၄ ခုနှစ်မှစတင်၍ ဇွန်လ(၅) ရက်နေ့ရောက်တိုင်း  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သိရှိပြီး  ပတ်ဝန်းကျင်ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများကြောင့် သက်ရှိသတ္တဝါများ၊ အပင်များမပျက်စီးစေရန်ထိန်းသိမ်းရမည့်အချက်များ၊   ကမ္ဘာ့ကြီးပူနွေးလာမှုကြောင့်  ရာသီဥတု  ပြောင်းလဲမှုဖြစ်စဉ်များ၊    ရေထု၊    လေထု ညစ်ညမ်းမှု၊ မြေဆီလွှာပြုန်းတီးမှုမှ  ကာကွယ်ရမည့်အချက်များနှင့်  သစ်တော၊  သစ်ပင်များရေရှည် တည်တံ့ရေးအတွက်  ဝိုင်းဝန်းပူးပေါင်း   ကာကွယ်ထိန်းသိမ်းလိုသော ရည်ရွယ်ချက်ဖြစ်ကြောင်းတာဝန်ရှိသူထံမှ သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)