အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်စိုက်ပျိုးရေးနည်းပညာ ဥယျာဉ်တို့အားကြည့်ရှုစစ်ဆေး

ဘားအံ ဇွန် ၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကို ယနေ့နံနက်  ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ပြည်နယ်အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ခေတ်သည် လျှပ်စစ်ကို အခြေခံ၍ အဆောက်အဦ၊ စက်ရုံများနှင့် စက်ပစ္စည်းများအား ဖန်တီးထုတ်လုပ်လျက်ရှိသဖြင့် သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိခဲ့သော အသိပညာ၊ အတတ်ပညာများအပြင် ပြင်ပနယ်ပယ်တွင် လုပ်ကိုင်လျက်ရှီသော ပညာရှင်များထံ ဆက်လက်သင်ယူ၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ကြိုးစားအားထုတ်ဖို့လိုကြောင်း၊ မိမိတို့၏ ပညာစွမ်းအားများကို လူမှုပတ်ဝန်းကျင်တွင် ပြန်လည်အသုံးချနိုင်ခြင်းဖြင့် ပိုမိုကောင်းမွန်သောပတ်ဝန်း ကျင်နှင့် လူမှုဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းများကိုလည်းဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကိုအသုံးချပြီး မိမိ တတ်ကျွမ်းထားသည့် ပညာရပ်များဖြင့် မိမိရပ်ရွာအကျိုး၊ ဒေသအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထူးချွန်ဆုရရှိသော သင်တန်းသားများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ သင်တန်းသားတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်တန်းဆင်းသင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်ထားသော သင်တန်း ဆင်းလက်ရာများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြ သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဂဟေဆက်သင်တန်း(၂)ကြိမ်နှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း(၅)ကြိမ်တို့ကို ပြည်နယ်အတွင်းရှိလူငယ်လူရွယ် များ အသိပညာ၊ အတတ်ပညာဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ အခမဲ့သင်ကြားခွင့်ရရှိနိုင်ရန် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး ယခုသင်တန်းဆင်းပွဲတွင် သင်တန်းသား ၂၇ ဦး သင်တန်းဆင်းခဲ့ကြ ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ပေ ၄၀၀ ပတ်လည် အုတ်တံတိုင်းခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂)လှာကမြင်စုပေါင်းဝန်ထမ်းအိမ်ရာစခန်းတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခုနှစ်  ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၇၂၉ ဒဿမ ၂၇၀ သန်း ဖြင့် Maw Pha Maw Kun Co.,Ltd မှ တာဝန်ယူတည်ဆောက်လျက်ရှိသော လေးခန်းတွဲ(၅)ထပ် RC ဝန်ထမ်းအိမ်ရာ တစ်လုံးတည်ဆောက်ခြင်းလုပ်ငန်း နှင့် ၂၀၂၃-၂၀၂၄ ခုနှစ်  ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၇၂၉ ဒဿမ ၂၇၀ သန်း ဖြင့် New Sate Tine Kya Co.,Ltdမှ တာဝန်ယူတည်ဆောက်လျက်ရှိသော လေးခန်းတွဲ(၅)ထပ် RC ဝန်ထမ်းအိမ်ရာတစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်အနီးရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကရင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးနည်းပညာဥယျာဉ်သို့ သွားရောက်၍ ဒေသထွက် ဆေးဘက်ဝင်သီးနှံများ၊ ဥယျာဉ်ခြံသီးနှံများအား ခေတ်မီစက်ကိရိယာ၊ နည်းပညာများဖြင့် တန်ဖိုးမြင့် ထုတ်လုပ်၍ ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေး ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝမ်းက စိုက်ပျိုးရေးနည်းပညာဥယျာဉ်၏ ရည်ရွယ်ချက်၊ ဝန်ထမ်းအင်အား၊ ဆေးဘက်ဝင်သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်း၊ သီးနှံထွက်ကုန်များအား စနစ်တကျ စီမံပြုပြင်ထားရှိခြင်းနှင့် အရည်အသွေးစစ်ဆေးထိန်းသိမ်းခြင်း လုပ်ငန်းများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နနွင်း၊ ငရုတ်ကောင်း၊ ဝဥများကို သိုလှောင်ကြိတ်ခွဲအဆင့် မြှင့်တင်ပြီး ဈေးကွက်ချိတ်ဆက်၍ ထုတ်ကုန်များတင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တစ်ရက်လျှင် ပိဿာချိန် ၄၀၀ ခန့်အခြောက်ခံနိုင် သော ဝဥအခြောက်ခံစက်ကြီးအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အခြောက်ခံစက် ပုံမှန်လည်ပတ် နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဝဥစိုက်ဧကများတိုးချဲစိုက်ပျိုးရန်၊  ကုန်ကြမ်း၊ အရင်းအနှီးနှင့် ကျွမ်းကျင်မှုများ ရရှိနေပြီးဖြစ်သည့်အတွက် တန်ဖိုးမြှင့်ထုတ်လုပ်၍ ဈေးကွက်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးဘက်ဝင်သီးနှံများဖြစ်သော ရဲယို၊ ဆင်တုံး မနွယ်၊ နနွင်း၊ ဂျင်း၊ တရုတ်စကားပန်းတို့ကို အခြောက်ခံထားရှိမှု၊ သီးနှံအပြားလှီးစက်၊ သစ်သီး၊ သစ်ဥဖြတ်စက်တို့ဖြင့် ကြိတ်ခွဲ ထုတ်လုပ်မှု၊ ဆေးဘက်ဝင်သီးနှံများတန်ဖိုးမြှင့်ထုတ်လုပ်ခန်းမှ အခြောက်ခံခန်း၊ အမှုန့်ကြိတ်ခန်း၊ ကြိတ်ခွဲထုတ်ပိုးခန်းနှင့် အရည်အသွေးစစ်ဆေးခန်းတို့ကို ကြည့်ရှု စစ်ဆေးပြီး ခေတ်မီစက်ကိရိယာများ၊ ဓာတ်ခွဲခန်းများကို အသုံးပြု၍ ပုံမှန်နေ့စဉ်လည်ပတ်ကာ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်တွင်း၊ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဈေးကွက်ဝင်မှန်လုံအိမ်စိုက်ခင်း Green House အမိုး အကာ အောက်တွင် အစ္စရေးနည်းပညာ ရေအစက်ချနည်းဖြင့် Demonstration Farm  ခရမ်းချဉ်နှင့် သခွားမွေးစိုက်ခင်းနှင့် စိုက်ခင်းများအတွက် မြေဩဇာအဖြစ်ထည့်သွင်းအသုံးပြုနိုင်သော စပါးခွံဖွဲပြာ၊ စပါးခွံမြေဆွေးထုတ်လုပ်ထားရှိမှု၊ စပါးခွံမှ Biochar စပါးခွံမီးသွေး၊ စပါးခွံပေါင်းခံရည် ထုတ်လုပ်ပုံ အဆင့်ဆင့်တို့ကို ကြည့်ရှုအားပေးပြီး ယခုထက်ပိုမိုတွင်ကျယ်စွာထုတ်လုပ်၍ တောင်သူများထံ ဖြန့်ဖြူးပေးနိုင်ရေး လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)