ရှမ်းရွာသစ် အောက်တိုဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများနှင့်ကလေးငယ်များ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ရှမ်းရွာသစ်မြို့ မဲလောခီး ကျေးရွာ အုပ်စုရှိ ထီးမိုးခီး ကျေးရွာ တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးအသိပညာ ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်နှစ်နှစ်အောက် ကလေး ငယ်များအား အသည်းရောင် အသားဝါ(ဘီ)ရောဂါ ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီ ရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေး စေရန် အသက်ပိုင်း အခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း အသက်(၅)နှစ် အောက် ကလေးငယ်များအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အစာအုပ်စုသိကောင်းစရာများအကြောင်း ဆွေးနွေး ခြင်း၊ မကူးစက်တတ်သော ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးခြင်း နှင့် ကိုယ်ဝန်ဆောင် မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းတို့ကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရှိရသည်။
ဇင်လေး(ပြန်/ဆက်)