ရွှေဘို အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကုန်စည်စီးဆင်းမှု မရပ်တန့်စေရေးအတွက် ကုန်တင်ကား ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား test-kit စစ်ဆေးမှုကို အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၈နာရီ အချိန် မှာ စတင်လုပ်ဆောင်ခဲ့ကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းလဲ့လဲ့ထွေး၏ ပြောပြချက်အရသိရှိရသည်။
" Test-kit စစ်ဆေးမှုကို မနက် (၈:၀၀)နာရီ ကနေ နေ့ (၁၂:၀၀)နာရီအထိ တစ်ကြိမ်၊မွန်းလွဲ (၁)နာရီကနေ ညနေ(၄)နာရီအထိတစ်ကြိမ် စစ်ဆေးမှုများ လုပ်ဆောင် နေပါတယ်။ ပထမရက် မှာတော့ လူဦးရေ(၁၃၆)ဦး စစ်ဆေးပေးနိုင်ခဲ့ပြီး အားလုံး ပိုးမတွေ(Not Detected) အဖြေရပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ ၊ ဒုတိယမြောက်နေ့ မှာ (၂၄၆)စစ်ဆေးရာမှာ ယာဉ်တစ်စီးမှာ COVID-19 Positive လူ တစ်ဦးတွေ့ရှိခဲ့ပါတယ်။ဒါကြောင့် လူနာကို ယာယီ ဆေးရုံအဖြစ်အသုံးပြုထားတဲ့ ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်းပို့ဆောင်ခဲ့ပြီး လူနာ၏ ယာဉ်နောက်လိုက်ကတော့ ပိုးမတွေ(Not Detected)ဖြစ်ပေမယ့် ရွှေဘိုတက္ကသိုလ်ရှိတဲ့ Quarantine Center ကိုပို့ဆောင်ခဲ့ပါတယ်။ အတည်ပြုလူနာနှင့် ဆက်စပ်ခဲ့သူများကိုလည်း စုံစမ်းရှာဖွေကာ Quarantine Center ပို့ဆောင်သွားမှာ ဖြစ်ပါတယ်'' ဟု ရွှေဘိုခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ဒုတိယခရိုင်မှူး ဒေါက်တာဝင်းလဲ့လဲ့ထွေးက ပြောကြားခဲ့ပါ တယ်။
ထွန်းမြင့်အောင်(ရွှေဘို)