ကျိုက်လတ် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး၊ ပိုးလောက်လန်းများပေါက်ဖွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကျိုက်လတ်မြို့ပေါ်ရှိ အမှတ်(၅)ရပ်ကွက်တွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မိုးကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၅)ရပ်ကွက်တွင် ခြင်များအလွယ်တကူ ပေါက်ဖွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံးများ၊ ရေလောင်းအိမ်သာများ၊ တာယာခွံများ၊ ရေဗူးများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်ရှိသည့်ကျောင်းများ၊ ရပ်ကွက်နှင့် ကျေးရွာများတွင် လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ရီရီမြင့်