မြိတ် ဇွန် ၃
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုတို့သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဇွန်လ(၂)ရက်က မြိတ်မြို့ Hotel Grand Jade အစည်းအဝေးခန်းမ၌ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင် ခရီးစဉ်ဒေသအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ဆက်နွယ်ပြီး လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များနှင့် ဒေသခံများအား တွေ့ဆုံခဲ့ သည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် က ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုး တက်လာစေရန် ဝန်ကြီးဌာနအနေဖြင့် မူဝါဒပိုင်းဆိုင်ရာများကို ချမှတ်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ခရီးစဉ် ဒေသများကို ပိုမိုသိရှိလာစေရန်၊ သွားလာမှုလွယ်ကူစေရန်နှင့် ဆွဲဆောင်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းနယ်ပယ် တွင်လုပ်ကိုင်နေကြသည့် ဝန်ထမ်းများကို လုပ်ငန်းကျွမ်းကျင်သည့် ဝန်ထမ်းများဖြစ်လာစေရေး လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းအပြင် ပြည်ပ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းရှင်များ၏ လုပ်ငန်းများ ဆောင်ရွက်မှုအပိုင်းတွင် အဆင်ပြေမှုရှိစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ဒေသတွင်း ခရီး သွားကဏ္ဍပိုမိုဖွံ့ ဖြိုးတိုးတက်လာစေရေးအတွက် လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က တိုင်းဒေသကြီးအနေဖြင့် ခရိုင် အလိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို အလေးထားဆောင်ရွက်နေကြောင်း၊ မြိတ်ခရိုင် အနေဖြင့် ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း အခြေခံကောင်းများရှိပြီး လုပ်ငန်းများ အောင်မြင်စေရေးအတွက် ကျွန်များတွင် ခရီးသွား ဆွဲဆောင်မှုနှင့် ဝန်ဆောင်မှုများ စနစ်တကျ ဆောင်ရွက်နိုင်ပါက ယခုထက်ပိုမို အောင်မြင်မှုများရရှိမည်ဖြစ် ကြောင်း ပြောကြားသည်။ ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက မြိတ်ခရိုင်၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် ပထက် ကျေးရွာရှိ အထက(ပထက်)ကျောင်းသို့ ရောက်ရှိခဲ့ကြ၍ စာသင်ခန်းများတွင် ကျောင်းသား /သူများ ပညာသင် ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသုံးဗလာ စာအုပ်နှင့် စာရေးကိရိယာများ၊ ထီးများကို ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ပန်းချီ အနုပညာခန်း၊ ကွန်ပျူတာအခန်း၊ Language Lab ခန်း၊ သိပ္ပံလက်တွေ့ခန်းများအား ကြည့်ရှုအားပေးခဲ့ကြ၍ မူကြို၊ KG ၊ Grade 1 ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံ၊ မူလတန်းကလေးငယ်များအတွက် ကျောင်းသုံးဗလာ စာအုပ်နှင့် စာရေးကိရိယာများ၊ အလယ်တန်းနှင့် အထက်တန်းကျောင်း သား/သူများအတွက် ထီးနှင့်ဘောပင်များကို ကျောင်း အုပ်ဆရာမကြီးထံ ထောက်ပံ့ပေး အပ်ခဲ့ကြသည်။
ထို့မှတဆင့် ပြည်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၏ ပထက်ကျွန်းပေါ်ရှိ ခေတ်မီရေ ငန်ပုစွန် မွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိ၍ ရေငန်ပုစွန်များ မွေးမြူဆောင်ရွက်နေမှု၊ ရေငန် ပုစွန်များကို ပြုတ်ခြောက် အေးခဲစက်ရုံတွင် ကုန်ချောထုတ်လုပ်နေမှုနှင့် တန်(၁၀၀၀) ကျအအေးခန်းစက်ရုံတွင် ရေထွက်ကုန်ပစ္စည်းများ ကုန်ချောထုတ်လုပ်နေမှုနှင့် ရေငန်ပုစွန်သားပေါက်မွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )