နတ်မောက် ဇွန် ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးဥပ္ပလ၏ ကြီးကြပ်လမ်းညွန်မှုဖြင့် ရန်အောင်မြင်စေတီတော်ဂေါပကအဖွဲ့၏ ဦးဆောင်ကူညီဖြင့် အလှူရှင် များစုပေါင်း၍ ရန်အောင်မြင် ရပ်ကွက်ရှိ ရန်အောင်မြင်စေတီတော် ရွှေထီးတော် သစ်တင် လှူပွဲနှင့် အနေကဇာတင် ပူဇော်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဘုရားရင်ပြင်တွင် ကျင်းပခဲ့သည်။
ထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ပူဇော်ပွဲသို့ နတ်မောက်မြို့ သံဃနာယကဥက္ကဋ္ဌ ဒီပင်္ကရာ ကျောင်းတိုက်ဆရာတော်မှ အနုမော်ဒနာတရားမြွက်ကြားပြီး ဆရာတော်သံဃာတော်တို့မှ အနေက ဇာတင်ပူဇော်ခြင်း ပြုလုပ်ကြသည်။ ထို့နောက် ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်အဆင့်ဆင့်တို့ကို အလှူရှင်/ အလှူ့မများက ပင့်ဆောင်ပူဇော်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံး ပတ်ပူဇော်ခဲ့ကြသည်။
နှစ်ကာလကြာမြင့်လာ၍ ပျက်စီးယိုယွင်းမှုများရှိလာသည့် ရန်အောင်မြင်စေတီရွှေထီးတော်သစ်အား ဘုရားဒါယကာ၊ ဒါယိကာမများ စုပေါင်း၍အသစ်မွမ်းမံပြင်ဆင်ခြင်း၊ ထီးတော်အသစ် တစ်ဆူတင်လှူ ပူဇော်ခြင်း၊ ကုသိုလ်ယူ ပူဇော်ကြခြင်းဖြစ်ပြီး အလှူရှင်များမှ ရွှေထီးတော်သစ်တင်လှူခဲ့ကြရာ အဆိုပါ ထီးတော်တင်လှူပွဲတွင် မိုးငွေမိုးများပက်ဖျန်းကာ အောင်စည်အောင်မောင်း များတီးခတ်၍ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
လှဝင်း