ကောလင်းခရိုင် ဝန်းသိုမြို့နယ် စွန်ဖားကျေးရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်း ရာနှုန်း ပြည့်ပြီးစီး

ဝန်းသိုအောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများသောက်သုံးရေရရှိစေရန်အတွက် ရေရရှိရေးလုပ်ငန်း (လက်တူးတွင်း) တူးဖော်ခြင်း လုပ်ငန်းကိုစွန်ဖားကျေးရွာတွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်တူးဖော်ခဲ့ရာ ယခုအခါ လုပ်ငန်း အားလုံးရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အိမ်ခြေ(၇)အိမ်၊ လူဦးရေ (၃၀)ကျော်အတွက် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ပြီဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှသိရသည်။

" မိုးတွင်းကာလဖြစ်တော့ ရေတွင်းတူးရတာပိုပြီးခက်ခဲတယ်၊ တူးရမယ့် အနက်ပေက (၄၀) ဆိုတော့ သတ်မှတ်ပေရောက်ဖို့ ကြိုးစားတူးရတယ်၊ ရေမြင်ရရုံနဲ့ တူးတာရပ်လို့မရဘူး၊ ရွံ့ကြော တွေ့ရင် ဆက်တူးဖို့ သစ်သားပြားတွေနဲ့ကာပြီးပြိုမကျအောင်လုပ်ရတယ်၊ နောက်ပြီး ကျွန်တော် တို့ ဝန်းသိုမြို့နယ်က ကျောက် တောင်တွေကြီးပဲဆိုတော့ ကျောက်ကြောတွေ့ရင် Gun တွေသုံး ရတယ်၊ အခုတော့ခက်ခဲစွာနဲ့ဘဲအောင် မြင်စွာပြီးသွားပါပြီ"ဟု အငယ်တန်း အင်ဂျင်နီ ယာ-၂ဒေါ်ဇာဇာထွန်းက လုပ်ငန်းအတွေ့ အကြုံကို ရှင်းပြသည်။

အဆိုပါရေရရှိရေးလုပ်ငန်း (လက်တူးတွင်း)တူးဖော်ခြင်းလုပ်ငန်းကိုတိုင်းဒေသကြီးအစိုးရ၊ တင်ဒါ ပိုလျှံရန်ပုံငွေ၊ ခွင့်ပြုရန်ပုံငွေကျပ် (၅)သန်းဖြင့် အကျယ် ၄ ပေ၊ အနက်ပေ(၄၀)ရှိ လက်တူး တွင်းတစ်တွင်း၊ ဂါလံ(၁၀၀၀)ဆံ့ ရေလှောင်ကန်တစ်ခု၊ အင်ဂျင်ဒိုင်နမိုနှင့် ရေမြုပ်ပန့်များ တပ်ဆင်ပေးခြင်းလုပ်ငန်းတို့ကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီးဆက်လက်၍ အိမ်တိုင် ရာရောက် ပိုက်လိုင်းရေသွယ်ယူစနစ်ကို ကိုယ်ထူကိုယ်ထဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)