ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မဟာသမယအခါတော်နေ့အခမ်းအနားကျင်းပ

ပြည် ဇွန် ၃

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ (နယုန်လပြည့်နေ့) ယနေ့ညနေ ၄ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်‌တော်မြတ်စွယ်တော်တိုက်၌  (၄၄)ကြိမ်မြောက် မဟာသမယအခါတော်နေ့အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများအမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို " နမောတဿ "ဗုဒ္ဓပဏာမ ဂါထာတော်သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ပြည်မြို့ရွာဘဲတောင်ပေါ်ကျောင်းတိုက်ဆရာတော် "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ"ဘဒ္ဒန္တကုမာရဆရာတော်ဘုရားကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ရွှေဆံတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးကိုးပါးတို့က မေတ္တသုတ်အစရှိသော ပရိတ်တရားတော်မြတ်များကို ရွတ်ဖတ်သရဇ္ဈာယ်‌ပေးတော်မူကြပြီး ဂေါပကအဖွဲ့ဝင်ဦးကြင်စိန်က  မဟာသမယအခါတော်နေ့အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဥ်း၍ လျှောက်ထားတင်ပြသည်။

ထို့နောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ယင်းလှူဒါန်းမှုနှင့် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရွာဘဲတောင်ပေါ်ကျောင်းတိုက်ဆရာတော်ဘုရားကြီးက ရေစက်ချအနုမောဒနာတရား ချီးမြှင့်တော်မူ၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ကုသိုလ်အမျှပေးဝေကြသည်။

ယင်းနောက် ပြည်မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာများမှ (ဝတ်သင်း)အဖွဲ့များက အမွှန်းဂါထာတော်အပါအဝင် "မဟာသမယသုတ်"ပါဠိတော်မြတ်များကို စုပေါင်းရွတ်ဆိုပူဇော်ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ ကောင်းမှုကုသိုလ်အစုစုတို့ဖြင့်(၄၄)ကြိမ်မြောက် မဟာသမယအခါတော်နေ့အခမ်းအနားအား အောင်မြင်စွာကျင်းပခဲ့ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)