ပေါင်းတည်၌ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးမှ လစဉ်ဝင်ငွေရရှိ

ပေါင်းတည် ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ကိုင်လျက်ရှိကြသူ မိသားစုများသည်ဝက်မွေးမြူရေးဖြင့်လစဉ် ဝင်ငွေရရှိကာ   စားဝတ်နေရေးအဆင် ပြေလျက်ရှိကြောင်း သိရသည်။

တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ကိုင်သူ ဦးကျော်ဦး၏ အနောက်လမ်း ဝက်မွေးမြူရေး ခြံ၌  စပ်မျိုးဝက်မကြီး ၅ကောင်နှင့် ၂ လသားခန့် ဝက်ငယ် ၉ ကောင်တို့ကိုလတ်တလော မွေးမြူ ပြုစုစောင့်ရှောက်လျက်တွေ့ရသည်။ အကျိုးအမြတ်ပိုရအောင် ဝက်စာကိုကိုယ်နည်း ကိုယ့်ဟန်နဲ့ ကုန်ကျစရိတ်နည်းတဲ့ ကိုယ့်ဒေသက ပြောင်း၊ ဆန်ကွဲ၊ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်၊ ငါးမှုန့် ပုစွန်နဲ့ သကြားတွေကို အသားလည်းတိုး၊ အာဟာရလည်းဖြစ်အောင် အချိုးအစားအလိုက် ရောစပ် ကျွေးမွေးရတာပေါ့ဟု ဦးကျော်ဦးက ရှင်းပြသည်။ ယင်းအပြင် ခြံသန့်ရှင်းရေးကိုလည်း ပုံမှန်လုပ်ရပြီး၊ ဇီဝလုံခြုံရေး ဆေးများလည်း ရံဖန်ရံခါဖြန်းပက်ပေးရကြောင်း သိရသည်။

စတင်မွေးမြူရာတွင် ၅လ၊ ၆လ သား ဝက်မကြီး ၅ ကောင်ကို ဝယ်ယူ မွေးမြူရင်းနှီးမြှုပ်နှံ ခဲ့ကြောင်း၊ ၇လသား အရွယ်တို့တွင် ဝက်မ တစ်ကောင်ချင်းစီကို ၁လခြား၍ သားစပ် ပေးရကြောင်း၊ ဝက်မများသည် ကိုယ်ဝန် ၄လ ခန့်တွင် သားပေါက်​လေ့ရှိပြီး ဝက်သားပေါက် ၁၀ ကောင် မှ၁၂ကောင် အထိပေါက်တတ်ကြောင်း၊နောက်လတို့တွင်လည်း အခြားဝက်မများ ကလည်း ၁လခြား၊ ၁လခွဲခြား၍သားများ ဆက်လက်ပေါက်ကြကြောင်း၊ ထိုကာလအတွင်း ဦးစွာ ပေါက်ခဲ့သော ဝက်ငယ် ၁၀ကောင်၊ ၁၂ကောင်သည်လည်း ၁လခွဲ သက်တမ်းရှိနေပြီဖြစ်၍ စျေးကွက်တွင် ပြန်လည်ရောင်းချခြင်းဖြင့် လစဉ် ဝင်ငွေ၅သိန်း၊ ၆သိန်းခန့်ရရှိနေကြပြီး မိသားစု စီးပွားရေးအဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

သူရကြီး ( ပြန်/ဆက်)