ကယားပြည်နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

လွိုင်ကော်      ဇွန်    

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြနှင့်ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှု့စီးပွားဘဝ ပညာရေး ကျန်းမာရေး အဆင့်အတန်းများ မြင့်မားလာစေရေးအတွက် ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သောလူငယ်များကို ပြုစုပျိုးထောင်လေ့ကျင့်ပေးနိုင်ရေးအတွက် အားကစားကဏ္ဍကို ဘက်ပေါင်းစုံမှစီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း လူငယ်မောင်မယ်များအနေဖြင့် သတ်မှတ်ထားသည့် သင်တန်းစည်းကမ်းများနှင့် အားကစားလေ့ကျင့်ရေးကို တိတိကျကျလိုက်နာကြရန်နှင့် ပညာသင်ကြားရေးကိုလည်း အာရုံစူးစိုက်ပြီး ဟန်ချက်ညီညီတိုးတက်မှုရရှိစေရေးအတွက် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း၊ ပြည်နယ်ဂုဏ်ဆောင်မျိုးဆက်သစ်အားကစား သူရဲကောင်းများ ပေါ်ထွက်လာစေရန် ရည်မှန်းချက်ထား အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား ၊ သင်တန်းသူများအတွက် အလှူငွေများနှင့် ဆန်၊ ဆီများ ထောက်ပံ့လှူဒါန်းရာ ကျောင်းအုပ်ကြီးဒေါ်စိုးစိုးမာကလည်းကောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ကျောင်းအကျိုးတော်ဆောင်အဖွဲ့၏ ဂုဏ်ပြုချီးမြှင့်ငွေကိုပေးအပ်ရာ အားကစားသမားကိုယ်စားလှယ်တစ်ဦးကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များက အလှူငွေများလှူဒါန်းရာ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ဦးမြင့်ကြည်က လက်ခံရယူခဲ့သည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းအကျိုးတော်ဆောင်များ ဆရာ ဆရာမများ သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့ပြီး ခင်းကျင်းပြသထားသော အားကစားလှုပ်ရှားမှုဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ အားကစားနည်းများအလိုက် အသုံးပြုသောပစ္စည်းများကို ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်းရှိ သင်တန်းသား သင်တန်းသူများ၏ စာကြည့်တိုက်နှင့်အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုပြီး စာကြည့်တိုက်တွင် သုတ ရသ စာအုပ်စာစောင်များ ဝယ်ယူရန် အလှူငွေပေးအပ်ခဲ့သည်။

အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) ဖွင့်လှစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းတွင် သင်တန်းသား (၆၄) ဦး သင်တန်းသူ (၃၂) ဦး စုစုပေါင်း (၉၆)ဦးကို ရွေးချယ်ထားပြီး ပြေးခုန်ပစ် ဘောလုံး ဂျူဒို ကရာတေး တိုက်ကွမ်ဒိုစသည့်အားကစားနည်း()နည်းကို သင်ကြားပေးသွားမည်ဖြစ်ကာ တက်ရောက်လိုသည့် သင်တန်းသား၊ သင်တန်းသူများကိုလည်း ထပ်မံရွေးချယ်လျက်ရှိပြီး  စဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)