တနင်္သာရီမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အမှတ်(၂)စစ်နယ်မြေမှူးနှင့် ကျောင်းအုပ်ဆရာ/ဆရာမများ တွေ့ဆုံဆွေးနွေး

တနင်္သာရီ  ဇွန် ၂

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ခု၊ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေးအတွက် တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ် နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်က မြို့နယ်ပညာရေးမှူးနှင့်အခြေခံပညာကျောင်းအုပ် ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များအား တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ယခင် ပညာသင်နှစ်က အကြောင်းအမျိုးမျိုးကြောင့် မဖွင့်ဖြစ်ခဲ့သည့် အခြေခံပညာကျောင်းများကို ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အတတ်နိုင်ဆုံးဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် တွေ့ဆုံအစည်းအဝေးပြုလုပ်ခြင်း ဖြစ်ကြောင်း၊ မြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၄၁) စာရင်းရှိသည့်အနက်  နယ်အခြေအနေအရ (၅၇) ကျောင်းကို ဖွင့်လှစ်ရန်လျာထားသဖြင့်  သက် ဆိုင်ရာကျောင်းအုပ်ကြီးများက မိမိကျောင်းဖွင့်လှစ်နိုင်ရေးအတွက် အခက်အခဲ၊ လုံခြုံရေးနှင့် အခြားလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အထက်တန်း/အလယ်တန်း/မူလ တန်းကျောင်းအုပ်ကြီးများက ၎င်းတို့၏နေထိုင်မှု၊ သွားရေးလာရေးအခက်အခဲများ၊ လုံခြုံရေး၊ သင်ကြားရေးကဏ္ဍ ဆရာ/ဆရာမ လိုအပ်ချက်များ၊ ကျောင်းဆောင်လိုအပ်နေမှု စသည့်အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေ တင်ပြကြသည်။

ယင်းနောက် တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်က တင်ပြချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး တက်ရောက်လာသည့်ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးဆောင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)