ထားဝယ် ဇွန် ၂
ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝသယံဇာတအရင်းအမြစ်များ၊ ရိုးရာယဉ်ကျေးမှုဓလေ့များ၊ ပင်လယ်ကမ်းခြေများ၊ ကျွန်းများ၊ သဘာဝဓါတ်ငွေ့ စသောပတ်ဝန်းကျင် ရေခံ၊မြေခံကောင်းများ ပိုင်ဆိုင်ထားပြီးမြေအသုံးချမှုပြောင်းလဲခြင်းများ၊ ဓာတ်သတ္တုတူးဖော်မှုများ၊ တရား မဝင်သစ်ထုတ်လုပ်ခြင်းနှင့်အမဲလိုက်ခြင်းများ၊ စည်းကမ်းမဲ့ငါးဖမ်းခြင်းများနှင့် ရေသယံဇာတထုတ်ယူသုံးစွဲမှုများက သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ်ပျက်စီးရန် အဓိကခြိမ်းခြောက်လျက်ရှိကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်နှင့် သိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစည်သူမျိုးအောင် က ကမ္ဘာ့ပေါ်တွင် တစ်မိနစ်ကို ပလတ်စတစ်အိတ်အလုံးရေ ၁ မီလီယံခန့်စွန့်ပစ်လျက်ရှိကြောင်း၊ ပင်လယ်သမုဒ္ဒရာများထဲတွင် စွန့်ပစ်ပလတ်စတစ်အိတ်တန်ချိန် (၉)သန်းခန့်ပျံနှံမျောပါလျက်ရှိပြီး စွန့်ပစ်ပစ္စည်း(၆၀) ရာခိုင်နှုန်းမှ(၈၀)ရာခို်ငနှုန်းသည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းဖြစ်နေ သည်ကိုသိရှိခဲ့ရကြောင်း၊ မြန်မာနိုင်ငံတွင်ပလတ်စတစ်သုံးစွဲမှု အခြေအနေများအကြောင်း၊ ပလတ်စတစ်သုံးစွဲမှနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်/သိရှိလိုက်နာရန်အချက်များအကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ရှင်းလင်းဆွေးနွေး ပြောကြားပေးပါ သောဦးစည်သူမျိုးအောင်အားကျေးဇူးတင်ရှိပါကြောင်းနှင့်အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကိုလစဉ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)