ပြင်ဦးလွင် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ တွင် ယနေ့နံနက် ၁၁ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး Talk Show တွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ရိုက်ကူးစီစဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံး မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ဝင်းက ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင်ပါဝင်သည့် အကျုံးဝင်သော ကလေးအလုပ်သမားများအကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ပြစ်မှု ပြစ်ဒဏ်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အများပြည်သူသိရှိစေရေး အသိပညာပေးမျှဝေ ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးမှု Talk Show အပြည့်အစုံကို We Love Pyinoolwin Facebook Page နှင့် ပြင်ဦးလွင်ခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် အများပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရေး လွှင့်တင်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။
ဖြုလူသစ် (ခရိုင် ပြန်/ဆက်)