တကောင်း ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြည်သူ့ဆေးရုံရှိ ဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
တကောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက်အတွင်းကလေးများအား (၁)လလျှင် (၁)ကြိမ် ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးလျက်ရှိပြီး ကာကွယ်ဆေးများမှာ ကိုယ်ဝန်ဆောင်မိခင်မေးခိုင်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)ရောဂါကာကွယ်ဆေး၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ် ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး၊ အိတ်(ချ်)ပီဗီ၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးစသည့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို လစဉ် လဆန်း(၂)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်ချောစုထံမှသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေ ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်မှ ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)