သရက်ချောင်းမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထိမ်းအမှတ်အကြို ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ်

သရက်ချောင်း  ဇွန်   ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး Community Centre ခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ်အကြို  ငါးသယံဇာတထိန်းသိမ်းရေးအသိပညာပေး ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီခွဲက ပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show   ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက  ငါးသယံဇာတထိန်းသိမ်းရေးအသိပညာပေးနှင့် ပတ်သက်၍ပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online မှတစ်ဆင့်  အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခက်ခက်ဝေခိုင်က ငါး၊ သယံဇာတ၊ ထိန်းသိမ်းရေး စသည့် အဓိပ္ပာယ်ကိုလည်းကောင်း၊ ပင်လယ်ရေပြင်နှင့် ပင်လယ်ရေ အောက်များတွင် ငါးသယံဇာတများသည် ကျွမ်းကျင်ပညာရှင်များ၏ စစ်တမ်းကောက်ယူချက်များ အရ ယခင်ထက်လျှော့နည်းလာသည့်အတွက် ငါးသယံဇာတများ ထိန်းသိမ်းဖို့ဆိုရင် ပင်လယ်ဒီရေတောတွေက အလွန်အရေးကြီးပါကြောင်းနှင်ဒီရေတောက ငါးတွေကို မျိုးပွားဖို့၊ ကြီးထွားဖို့နှင့်အစာစားဖို့အတွက်  ဒီရေတောတွေက မရှိမဖြစ်လိုအပ်သည့်အတွက် ဒီရေတော သစ်ပင်တွေကို ထိန်းသိမ်းရှောက်စောင့်ရမည့် လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းများ၊ ရေနေသယံဇာတများ လျော့နည်းလာရသည့်အကြောင်းအရင်းများ၊ တားမြစ်ငါးဖမ်းကာလ၊ တားမြစ်ကန့်သတ်ထားသော ငါးဖမ်းနည်းစနစ်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအသုံးပြု၍ ငါးဖမ်းခြင်း၏ဆိုးကျိုးများ၊ ဘက်ထရီရှော့တိုက်ကျင်စက်ဖြင့် ငါးဖမ်းခြင်း၏ဆိုးကျိုးများ၊ ပြဒါးနှင့်ဆိုင်ယာနိုက်များ၏ဆိုးကျိုးများ၊ အဆိပ်ဖြင့်ငါးဖမ်းခြင်း၏ဆိုးကျိုးများ၊ ဥပဒေအရ အရေးယူခံရနိုင်သည့်ပြစ်ဒဏ်များ၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့်လည်း မိမိတို့ ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားသည့်  ငါးမျိုးပွားသည့်နေရာများ၊ ထိန်းသိမ်းထားကာကွယ် သည့်နေရာများကို  အထူးအလေးထား ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ငါးသယံဇာတ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

နန်းခလိုက်(သရက်ချောင်း)