“အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အကြို အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

လိပ်သို ဇွန် ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် “ အပြည်ပြည်ဆိုင်ရာ မှုးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ” အကြို စာအုပ်စာစောင် ပြပွဲကို ယနေ့နံနက် (၈:၃၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က “အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ ” ဖြစ်ပေါ်လာပုံများ၊ ကျောင်းသား/ကျောင်းသူများအား “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတိုမှ မောင်အေးနှင့် ဖိုးဖြူတို့ အကြောင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူ ကျောင်းသား/ ကျောင်းသူများက စာအုပ်စာစောင်များ ပြသဆောင်ရွက်ထားရှိမှုများကို လေ့လာ ကြည့်ရှုမှတ်သားခဲ့ကြသည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် ကျောင်းသား/ကျောင်းသူများ မှုးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနိုင်စေရန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရုပ်ပြကာတွန်းများ၊ ဂျာနယ် စာစောင်များ၊ ကဗျာများ၊ ဆောင်းပါးများ၊ ပုံပြင်ဇာတ်လမ်းများ၊ စာစီစာကုံး စာအုပ်များကို ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)