ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေး

ဘားအံ ဇွန် ၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြား သင်ယူနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ KG တန်းမှ Grade-12 ထိ ကျောင်း သား၊ ကျောင်းသူ ၂၁၅၃ ဦး တက်ရောက်ပညာသင်ကြားနေမှု၊ စာသင်ခန်း၊ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမအချိုး ညီမျှမှုရှိ/မရှိ အခြေအနေများကို လိုက်လံကြည့်ရှုမေးမြန်းပြီး လိုအပ် သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ KG တန်းမှ Grade-12 ထိ ကျောင်းသား၊ကျောင်းသူ ၁၈၀၈ ဦး၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၁၂၉၆ ဦး တက်ရောက်၍ စာသင်ခန်းများအတွင်း ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားသင်ယူနေမှု၊ သင်ကြားရေးအတွက် လိုအပ်သည့်သင်ထောက်ကူ ပစ္စည်းရရှိမှုအခြေအနေ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်မှုအခြေအနေများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကရင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစ၍ တစ်ပြိုင်နက်တည်းဖွင့်လှစ်ခဲ့ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်ကျောင်းများအပါအဝင် ဇွန်လ ၁ ရက်နေ့ထိ အခြေခံပညာကျောင်းပေါင်း ၁၃၅၂ ကျောင်းကိုဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူ ၂၁၁၂၉၆ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းသား၊သမီးများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်သည့် အခမ်းအနားကို ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူ့ဘဝတွင် အရေးကြီးဆုံးမှာပညာဖြစ်ပြီး အတန်းပညာရှိမှသာ အသိပညာ၊ အတတ်ပညာများ တိုးတက်ရရှိနိုင်မည်ဖြစ်သည့်အတွက် ပညာရည်မြင့်မားရေး အားပေးဂုဏ်ပြုသောအားဖြင့် ယခုကဲ့ သို့ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ပညာသင်ကြားရာတွင် မိမိကိုယ်ကိုနိမ့်ချ၍ ပျင်းရိခြင်းမရှိဘဲ အချိန်ကိုလေးစားရန်၊ ကြိုးစားကြရန်နှင့် မိမိဘဝတိုးတက်ရေးအတွက် ပညာရေးပန်းတိုင်ကို ဆုံးခန်းတိုင်ရောက်ရှိအောင် လျှောက်လှမ်းကြရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သောရည်ရွယ်ချက်၊ ရည်မှန်းချက်များ ထားရှိရမည်ဖြစ်ပြီး ထိုရည်ရွယ်ချက်များ အောင်မြင်ပေါက်မြောက်စေရေးအတွက် ပညာကို ကြိုးစားရှာမှီးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဝန်ထမ်းသား၊ သမီးများအား ကျောင်းဝတ်စုံ၊ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများအနေဖြင့် တက္ကသိုလ်အဆင့်တစ်ဦးလျှင် ခုနှစ်သောင်းနှုန်းဖြင့် ၄၂ ဦး၊ အထက်တန်းအဆင့်တစ်ဦးလျှင် ငါးသောင်းနှုန်းဖြင့် ၆ ဦး၊ အလယ်တန်းအဆင့် တစ်ဦးလျှင် လေးသောင်းနှုန်းဖြင့် ၁၅ ဦး၊ မူလတန်း အဆင့်တစ်ဦးလျှင် သုံးသောင်းနှုန်းဖြင့် ၄၄ ဦး၊ စုစုပေါင်း ၁၀၇ ဦးအတွက် ငွေကျပ် ငါးဆယ့်တစ်သိန်းခြောက်သောင်းကျပ်ကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းနှင့်မိသားစုဝင်များကိုယ်စား ပြည်နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းသား၊သမီးများအား တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)