ဟားခါး ဇွန် ၂
၂၀၂၃−၂၀၂၄ ပညာသင်နှစ်၊ ဟားခါးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တွင် ကျောင်းစတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ ပညာသင်ကြားနေမှု ကို ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သွားရောက် ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တို့သည် ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းအပ်လက်ခံနေမှု အခြေအနေကို ကြည့်ရှုအားပေးပြီး ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားပြောကြားသည်။
ထို့နောက် စာသင်ခန်းများသို့သွားရောက်ပြီး ကျောင်းသား၊ သူများက အေးချမ်းစွာ ပညာ သင်ကြားနေမှုကို ကြည့်ရှုကာ ကျောင်းသား/သူများအနေဖြင့် အတန်းပညာသာမက စိတ်ဓာတ်၊ စည်းကမ်းနှင့် အကျင့်စာရိတ္တများ ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ကောင်းမွန်သော ရည်ရွယ်ချက်၊ ရည်မှန်းချက်များထားရှိ၍ ကျန်းမာရေးကောင်းမွန်အောင် လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ကျန်းမာရေး ထိခိုက်စေသည့် မူးယစ်ဆေးဝါးနှင့် ဖုန်းအလွန်အကျုံသုံးစွဲခြင်းများကို ရှောင်ရှားကာ ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစားများကိုသာ စားသုံးရန်လိုအပ်ကြောင်း ပြောကြားသည်။
ဟားခါးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ( ၈ ) ကျောင်း ၊ အထက်တန်း ကျောင်း ( ခွဲ ) ( ၃ ) ကျောင်း ၊ အလယ်တန်းကျောင်း ( ၂၃ ) ကျောင်း ၊ အလယ်တန်းကျောင်း(ခွဲ) (၁၀)ကျောင်း ၊ မူလတန်းလွန်ကျောင်း ( ၁၈ ) ကျောင်း ၊ မူလတန်းကျောင်း ( ၃၂ ) ကျောင်းနှင့် မူလတန်းကျောင်း ( ခွဲ ) ( ၁ ) ကျောင်း ၊ စုစုပေါင်း (၉၅)ကျောင်း ရှိသည့်အနက် ယခု ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် အထက်တန်းကျောင်း (၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁)ကျောင်းနှင့် မူလတန်းကျောင်း (၁)ကျောင်း ၊ စုစုပေါင်း (၆)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်နှံသူမှာ မူလတန်း (၁၆၁၀) ဦး ၊ အလယ်တန်း (၅၉၁)ဦး၊ အထက်တန်း(၁၉၀)ဦး ၊ စုစုပေါင်း (၂၃၉၁)ဦး ရှိပြီဖြစ်သည်။
၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင် ဟားခါးမြို့နယ်၌ အထက်တန်းကျောင်း (၂)ကျောင်း၊ မူလွန် ကျောင်း (၁)၊ မူလတန်းကျောင်း (၁)ကျောင်း ၊ စုစုပေါင်း (၄)ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းတက်ရောက်မှုမှာ မူလတန်းအဆင့် (၇၇၆)ဦး၊ အလယ်တန်းအဆင့် (၃၈၇)ဦး၊ အထက်တန်း (၁၈၃)ဦး ၊ စုစုပေါင်း (၁၃၄၆)ဦး တက်ရောက်ခဲ့သဖြင့် ယခင်ပညာသင်နှစ်ထက် ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် ကျောင်း (၂)ကျောင်း ပိုမိုဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားဦးရေမှာလည်း ယခင်နှစ် ထက် (၁၀၄၅)ဦး ပိုမိုများပြားနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၃−၂၀၂၄ ပညာသင်နှစ် ၊ ဇွန်လ ၁ ရက်နေ့အထိ ချင်းပြည်နယ်တွင် အခြေခံပညာ ကျောင်းပေါင်း (၁၅၁၆) ကျောင်းရှိသည့်အနက် ကိုယ်ပိုင်ကျောင်း (၁) ကျောင်းအပါအဝင် ဘုန်းတော်ကြီးသင်ကျောင်းနှင့် အခြေခံပညာကျောင်း စုစုပေါင်း ( ၃၃၂ ) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည့်အပြင် ကျောင်းသား ၊ ကျောင်းသူစုစုပေါင်း (၄၂၅၈၀ )ဦးက ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )