ဘိုကလေးမြို့နယ်တွင် သဒ္ဓမ္မပါလ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းဖွင့်လှစ်

ဘိုကလေး ဇွန် ၂

နွမ်းပါးကလေးငယ်များ ပညာရေးမဝေးဖို့ရာအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိသဒ္ဓမ္မပါလ ဇောတိကာရုံကျောင်းတိုက်တွင် တည်ထောင်ဖွင့်လှစ်ထားသော သဒ္ဓမ္မပါလ ပရဟိဖောင်ဒေးရှင်းမှ ဘိုကလေးမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ (၂၇) လမ်း ဓမ္မာရုံ၌ သဒ္ဓမ္မပါလ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်းအား ဇွန်လ (၁) ရက်နေ့ နေ့လည်ပိုင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ကျောင်းဖွင့်ပွဲသို့  သဒ္ဓမ္မပါလပရဟိဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်နှင့် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ အမှတ် (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ကျောင်းဖွင့်လှစ်နိုင်ရေး လှူဒါန်းပါဝင်ကြသည့် ကုသိုလ်ရှင်များ၊ ကျောင်းသား/သူများတက်ရောက်ကြပြီး ကျောင်းဆိုင်းဘုတ်အား နံသာရေပက်ဖျန်းကာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုလက်ရှိတွင် အဆိုပါကျောင်း၌ တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား/သူ (၈၅) ဦးရှိပြီး ပညာသင်ကြားရန် ကလေးငယ်များ ထပ်မံအပ်နှံလာပါကလည်း ဆက်လက်လက်ခံ၍ ပညာသင်ကြားပေးသွားမည် ဖြစ်ကြောင်း ဦးဆောင်ဆရာတော်ထံမှ သိရသည်။

မိုးစက် (ဘိုကလေး)