ဝန်းသို ဇွန် ၂
နွေစပါးသီးနှံကိုယ်စားပြု စံအထွက်နှုန်းအားသိရှိနိုင်ရန်၊ သီးနှံစိုက်စနစ်နှင့် စပါးမျိုးကွဲအလိုက် အထွက်နှုန်းအား သိရှိနိုင်ရန်နှင့် နွေစပါးသီးနှံအထွက်တိုးရေး အထွက်နှုန်းမိတ်ဖက်များ၏ အရေးပါမှုကို တောင်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုးရာသီ စံကွက်ရိတ် သိမ်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ စော်ဘွားကြီးအုပ်စု၊ တောင်သူ ဦးသန်းကြွယ်၏ နွေစပါးမျိုးစေ့ထုတ်ကွက်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းပွဲသို့ ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းနှင့် မြေ၊ မျိုး၊ ပိုး တာဝန်ခံဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေနှင့် ဝန်ထမ်း များ၊ တောင်သူများတက်ရောက်ခဲ့ပြီး နွေစပါးရေအနည်းလို (၇)မျိုးစေ့ ထုတ်စိုက်ခင်းနှင့် ရေအနည်းလို (၇) ပန်းတိုင်စံပြကွက်တို့အား ရိတ်ခြွေစက်ဖြင့် စုပေါင်းရိတ်သိမ်းခဲ့ရာ ရေအနည်းလို(၇)မျိုးစေ့ထုတ်ကွက် တစ်ဧကအစို (၁၀၅)တင်းနှုန်းနှင့် ရေအနည်းလို(၇) ပန်းတိုင်စံပြကွက်တစ်ဧကအစို(၁၂၃.၄၃)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော် နွေစပါးစိုက်တာ တစ်ဧကစိုက်ပျိုးစရိတ်စုစုပေါင်း လေးသိန်းကျော်ကုန်ကျတယ်၊ တစ်ဧက ထွက်နှုန်း စပါးတင်း (၁၂၀)ကျော် ထွက်ရှိတဲ့အတွက် ကျွန်တော်တို့မြို့နယ်အတွင်း လက်ရှိနွေစပါးပေါက် ဈေးအရ ငွေကျပ်ဆယ်သိန်းကျော် အကျိုးအမြတ်ရရှိခဲ့ပါတယ်၊ နောက်ပြီး(၄)လလောက်နဲ့ စပါးပေါ်တဲ့ အတွက် အခုရေအနည်းလို(၇)မျိုးစပါးက နွေစပါးအတွက်စိုက်ပျိုးသင့်တဲ့မျိုးတစ်မျိုးဖြစ်ပါတယ်” ဟု အဆိုပါ မျိုးစေ့ထုတ်ကွက်ပိုင်ရှင်က ပြောသည်။
ဝန်းသိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးစိုက်ဧက (၄၂၅)ဧက စိုက်ပျိုးထားရှိပြီး ယနေ့အချိန်ထိ (၁၃၉) ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ကျန်ရှိသည့် နွေစပါးများကိုလည်း ဆက်လက်ရိတ်သိမ်းလျက်ရှိ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းထွန်း