ဒေးဒရဲမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး

ဒေးဒရဲ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးနေမှုအား ယမန်နေ့ မွန်းလွဲ(၁) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က စာအုပ်စာတမ်းများနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ထားမှုများ၊ သန့်ရှင်းသော သောက်ရေ၊ သုံးရေရရှိရေးများကို ကြည့်ရှုစစ်ဆေးခြင်း အခြားမြို့နယ်များနှင့် ကျေးရွာများက ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ နေထိုင်စားသောက်ရေး အဆင်ပြေစေရေး တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade- 9 အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိရာ သင်တန်းကာလအနေဖြင့် (၃)နှစ် တက်ရောက်ရမည်ဖြစ်ပြီး နိုင်ငံတော်က ပညာသင်စရိတ်များ၊ စာအုပ်စာတမ်းများ အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ရာ စက်မှုဘာသာရပ်တွင် (၉၀)ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် (၃၀)ဦးနှင့် မွေးမြူရေးဘာသာရပ်တွင် (၁၁)ဦး တက်ရောက် ပညာ သင်ယူလျက်ရှိကြောင်း သိရသည်။

အေဇာလင်း