မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

မကွေး ဇွန် ၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဟူသော ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများကို နိုင်ငံတစ်ဝန်းလုံးတွင် ဇွန်လ ၁ ရက်နေ့မှစတင်၍ ဖွင့်လှစ်ပြီဖြစ်ရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာပျော်ရွှင်စွာ စာသင်ကြားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁)နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ စာသင် ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြား သင်ယူနေမှုများကို လှည့်လည်ကြည့်ရှု၍  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားသည်။

အဆိုပါ ကျောင်းများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများရောက်ရှိစဉ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများအား သင်ရိုးညွှန်းတန်းစာအုပ်များ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို အခမဲ့ထုတ်ပေးပြီး ဖြန့်ဝေထုတ်ပေးနှင့် ကျောင်းတက်ရောက်မှုအခြေအနေများအား တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦးက ရှင်လင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန်၊ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြေမှုရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျောင်းကျန်းမာရေးကိစ္စများကို ဆောင်ရွက်ပေးကြရန်၊ ကျောင်းသား၊ ကျောင်းသူများအခြေခံပညာကို ဆုံးခန်းတိုင်ပြီးမြောက်အောင် သင်ယူနိုင်ရေး၊ ပညာသင်ကြားရန် ခက်ခဲသောကလေးများကို ပစ်ပယ်မထားဘဲ ကျောင်းသား မိဘများ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန်မှာကြားကာ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းပေါင်း (၄၅၀၀)ကျော်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများစင်ဖွင့်လှစ်သည့်(၁-၆-၂၀၂၃)ရက်နေ့ စာရင်းဇယားများအရ မကွေးတိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းပေါင်း(၃၃၆၄)ကျောင်းဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူပေါင်း(၄၈၆၈၃၁)ဦး တက်ရောက်သင်ကြားခဲ့ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်မှုမရှိသေးသော ကျန်ရှိနေသည့်ကျောင်းများကို ဖွင့်လှစ်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ