ပွင့်ဖြူ ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့် စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပရေးအတွက် မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်းများကို နေ့စဉ် အရှိအဟုန်မပျက် ဆောင်ရွက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြို့တွင်းရှိ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျသည့် သစ်ပင်သစ်ကိုင်းများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အမှိုက်သိမ်းယာဉ်ဖြင့် ပွင့်ဖြူမြို့ပတ်လမ်းတစ်လျှောက် လမ်းဘေး(ဝဲ၊ ယာ)ရှိ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျသည့် သစ်ပင်သစ်ကိုင်းများကို စနစ်တကျ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းများနှင့် အမှိုက်သရိုက်များရှင်းလင်းခြင်း၊ တံမက်စည်းလှဲခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကာ စွန့်ပစ်အမှိုက်သရိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် ရှင်းလင်းသိမ်းဆည်းခဲ့ကြသည်။ ထို့နောက် ဝန်ထမ်းများပူးပေါင်းအဖွဲ့က မြို့တွင်း စိမ်းလန်းစိုပြည်စေရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ရေဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပရေး၊ ဒေသခံပြည်သူလူထုစည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ လျော့နည်းပပျောက်စေရန်နှင့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ နေ့စဉ်မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)