ရွှေဘို ဇွန် ၂
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် KG +9 အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများ သက်မွေးပညာရပ် တစ်ခုဖြစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဆက်လက်တက်ရောက်ပညာသင်ယူနိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအထက(၁)တွင် ယနေ့စတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ(၅၃)ဦးရှိပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင် များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျောင်းသား/သူများကို အားပေးစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ကျောင်းဖွင့်လှစ်သင်ကြားရေးနှင့် စပ်လျဉ်း၍ ရွှေဘိုခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက " သင်တန်းမှာတော့ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွေ အခြေခံတဲ့ ဘာသာရပ် (၅) မျိုးကို အဓိက သင်ကြားပို့ချမှာဖြစ်ပါတယ်။ သင်ကြားရေးအတွက်လည်း သက်ဆိုင်ရာမိတ်ဖက်ဌာန တွေနဲ့ ပေါင်းစပ်ပြီး ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။ သင်တန်းနေရာတွေ၊ သင်တန်း ထောက်ကူပြုပစ္စည်းတွေ၊ရေ၊ မီး၊ သန့်စင်ခန်း၊ စတာတွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိပါတယ်။ ဒါ့အပြင် သင်တန်းသား သင်တန်းသူများ တက်ရောက်ပညာ သင်ယူနိုင်ရေး အတွက်လည်း ကျောင်းသားမိဘများနဲ့ ရှင်းလင်းဆွေးနွေးပွဲတွေ ပြုလုပ်တယ်။ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ်။ ကြော်ငြာဗီနိုင်းတွေ ထုတ်ပြီး ကြော်ငြာထားရှိပါတယ်" ဟု ပြောကြားခဲ့သည်။
ခရိုင် (ပြန်/ဆက်)