ပုသိမ် ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းဆောင်(စက္ကော့) လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ ပြုလုပ်ခဲ့ရာ လျှပ်စစ်မီးဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းဆောင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေးကာ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား ကျောင်းသား၊ ကျောင်းသူများထံသို့ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ မြန်မာကရင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဓနဧရာကျောင်းဆောင် (၉၀ ပေ × ၃၀ ပေ) RC တစ်ထပ် အဆောက်အအုံအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မအူပင်မြို့နယ် အခြေခံပညာမူလတန်းကျောင်း (အနောက်ပိုင်း) (၉၀ ပေ × ၃၀ ပေ) Steel Structure (၁)ထပ်ကျောင်းဆောင်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဆူးကဏန်းကျေးရွာ၊ တောင်သူဦးတင်နွယ်ဦး၏ စိုက်ဧက(၃.၅)ဧက၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ထုံးထည့်သွင်းဆောင်ရွက်ခြင်းများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင့်ကြောင့် မြေဆီလွှာအတွက် ရရှိမည့် အကျိုးကျေးဇူးများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် အသိပညာပေး ဆောင်ရွက်ရေး” လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေးဒရဲမြို့နယ်၊ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း (ဒေးဒရဲ)ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားတက်ရောက်၍ ကျောင်းဆောင်သစ်မုခ်ဦးအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်ကျောင်းတက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ပေးအပ်ခဲ့ပြီး စာသင်ဆောင်များ၊ လက်တွေ့ခန်းနှင့် ကွန်ပျူတာခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း(၂)ကျောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း(၂)ကျောင်း ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း၊ စက်မှုနှင့်စိုက်ပျိုးရေးဘာသာရပ်များတွင် ကျောင်းသားဦးရေပြည့်ပြီဖြစ်သော်လည်း မွေးမြူရေးဘာသာရပ်တွင် ပြည့်မီရန်ပြောဆိုစည်းရုံးပေးရန် လိုပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်ပွဲနှင့်အတူ တိုင်းဒေသကြီးအတွက် လိုအပ်နေသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရှင် လူ့စွမ်းအားအရင်းအမြစ်များအား ရရှိအောင် ဖော်ထုတ်နိုင် ဆောင်ရွက်နိုင်ပါစေကြောင်း” ပြောကြားသည်။
ယင်းနောက် ကျောင်းဆောင်သစ်ဆောက်လုပ်ရေး ကုမ္ပဏီဒါရိုက်တာက ကျောင်းဆောင်နှင့် ပတ်သက်သည့် မှတ်တမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း(ဒေးဒရဲ)မှ တာဝန်ခံကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)