အင်းတော် ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများအား ယမန်နေ့ ဇွန်လ (၁) ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ် အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တစ်မြို့နယ်လုံး အတိုင်းအတာအနေဖြင့် အခြေခံပညာ အထက်တန်းကျောင်း (၂)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁)ကျောင်း၊ မူလတန်း ကျောင်း (၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း စုစုပေါင်း (၇) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသူ/ကျောင်းသားဦးရေ နှစ်ထောင်ကျော်ခန့် တက်ရောက်ပညာသင်ကြားခဲ့ ကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၅) ကျောင်း စုစုပေါင်း (၈) ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး (၃၁-၅-၂၀၂၃) ရက်နေ့ စာရင်းအရ အခြေခံပညာအထက်တန်းဆင့်တွင် ကျောင်းသူ/ ကျောင်းသား ( ၅၀၄ ) ဦး၊ အလယ်တန်း အဆင့်တွင် ( ၇၄၃ ) ဦး၊ မူလတန်းအဆင့်တွင် ( ၁၇၉၀ ) ဦး စုစုပေါင်း ကျောင်းသူ/ကျောင်းသား ဦးရေ (၃၀၃၇) ဦး လာရောက်အပ်နှံထားရှိကြောင်း၊ ကျောင်းသို့ လာရောက်အပ်နှံသည့် ကျောင်းသူ/ကျောင်းသားများအား ကျောင်းဝတ်စုံများ၊ သင်ထောက်ကူ ပစ္စည်းများဖြစ်သည့် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း အင်းတော်မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
အဆိုပါ ဖွင့်လှစ်သင်ကြားသည့် အခြေခံပညာကျောင်းများသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပံ့ပိုး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်သီဟ